ဗီယက်နမ်ကုန်းတွင်းပိုင်းကို လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၉၀ ဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကို တိုင်ဖွန်း Molave ယနေ့ (အောက်တိုဘာ ၂၈ ရက်) ဝင်ရောက်တိုက်ခတ်ခဲ့ရာ လက်ရှိအချိန်အထိ လူနှစ်ဦး သေဆုံးပြီး ၂၆ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

(Photo: Viet Nam Red Cross Society)

တိုင်ဖွန်း Molave တိုက်ခတ်မှုကြောင့် သစ်ပင်များလဲပြိုပြီး နေအိမ်ခေါင်မိုးများ လွင့်ထွက်သွားခဲ့ကြောင်းနဲ့ နှစ်ပေါင်းများစွာအတွင်း အဆိုးဆုံး အပျက်အစီးတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေက မုန်တိုင်းမဝင်ရောက်မီ လူဦးရေ ၃၇၅,၀၀၀ ခန့်ကို ရွှေ့ပြောင်းပေးထားခဲ့ပြီး လေကြောင်းခရီးစဥ်များ ဖျက်သိမ်းခြင်း၊ ကျောင်းများနဲ့ ကမ်းခြေများကို ပိတ်ထားခြင်းတို့ဖြင့် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားခဲ့ပါတယ်။



တိုင်ဖွန်း Molave က ဒါနန်းမြို့ (Danang) တောင်ဘက် ကုန်းတွင်းပိုင်းကို လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၉၀ အထိဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း သိရပါတယ်။ ဗီယက်နမ်အစိုးရ သတင်းဌာနက ဖော်ပြမှုအရ Quang Ngai ပြည်နယ်မှာ ၎င်းတို့ရဲ့ နေအိမ်ကို မုန်တိုင်းကနေ ကာကွယ်ရန်ကြိုးပမ်းခဲ့စဥ် အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

(Photo: International Federation of Red Cross)

အမျိုးသားတစ်ဦးက နေအိမ်ခေါင်မိုးကို မုန်တိုင်းကြောင့် မပျက်စီးစေရေး ပိုမိုခိုင်မာစေရန် ကြိုးပမ်းလုပ်ဆောင်နေစဥ် မုန်တိုင်းကြောင့် တစ်နာရီလျှင် ၉၃ မိုင်အထိ အားကောင်းတဲ့ လေပြင်းတိုက်မှုကြောင့် လွင့်ထွက်ပြုတ်ကျပြီး သေဆုံးခဲ့ကြောင်း အစိုးရသတင်းဌာန Vietnam News Agency က ဖော်ပြပါတယ်။

"နေရာအများအပြားမှာ မြင်တွေ့ခဲ့ရဖူးသမျှ အဆိုးဆုံး အပျက်အစီးတွေဖြစ်ပြီး ဗီယက်နမ်ပြည်သူတွေ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေ ကြုံနေရတယ်၊ ပြင်းထန်တဲ့ မုန်တိုင်းတွေနဲ့ ရေကြီးမှုတွေကြောင့် လူတွေ သေဆုံးကြရပါတယ်၊ နောက်ထပ် အသက်မွေးဝမ်းကျောင်း အလုပ်တွေကို ပျက်စီးစေပြီး သန်းနဲ့ချီတဲ့လူတွေ သွားလာဆက်သွယ်ရေး ပြတ်တောက်နေတယ်" လို့ ဗီယက်နမ်ကြက်ခြေနီအသင်းဥက္ကဌ Nguyen Thi Xuan Thu က ပြောပါတယ်။

(Photo: Getty Images)

မုန်တိုင်းတိုက်မှုအတွင်း ပျောက်ဆုံးနေတဲ့ ငါးဖမ်းသမား ၂၆ ဦးကို တာဝန်ရှိသူတွေက ရှာဖွေနေဆဲဖြစ်ကြောင်းလည်း သိရပါတယ်။ တိုင်ဖွန်း Molave ဟာ ယခုလအတွင်း ဗီယက်နမ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ စတုတ္တမြောက်မုန်တိုင်းဖြစ်ပြီး မုန်တိုင်းကြောင့် ပေ ၂၀ နီးပါးရှိတဲ့ ရေလှိုင်းများတက်ရောက်ခဲ့ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ရေတပ်နဲ့ ကင်းလှည့်ရေယာဥ်တွေက ပျောက်ဆုံးနေတဲ့ ငါဖမ်းသမားတွေကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။ ငါးဖမ်းစက်လှေနှစ်စီးဟာ ကမ်းကပ်ရန်ကြိုးပမ်းခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့ကြောင်း ဗီယက်နမ် ဒုတိယဝန်ကြီးချုပ် Trinh Dinh Dung က ပြောပါတယ်။ ဗီယက်နမ်နိုင်ငံ ပြည်နယ်သုံးခုမှာ လတ်တလော သီတင်းပတ်များအတွင်း ရေကြီးမှုနဲ့ မြေပြိုမှုတွေကြာင့် လူ ၁၃၆ ဦး သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေခဲ့ကြောင်းလည်း သိရပါတယ်။

(Map: Google)

ယခု တိုင်ဖွန်းမုန်တိုင်း မဝင်ရောက်မီ ဗီယက်နမ်အာဏာပိုင်တွေက လေဆိပ်ငါးခုကို ပိတ်ထားပြီး လေကြောင်းခရီးစဥ် ၂၀၀ ကျော်ကို ဖျက်သိမ်းခဲ့ပါတယ်။ ထို့အတူ ရထားခရီစဥ်တွေကိုလည်း ယနေ့ ရပ်ဆိုင်ထားပြီး မိုးလေဝသအခြေအနေ တိုးတက်ကောင်းမွန်လာချိန်မှာ ပြန်လည်ပြေးဆွဲမယ်လို့ VTV ရုပ်မြင်သံကြားသတင်းက ပြောပါတယ်။ ဗီယက်နမ်မှာ လူဦးရေ ၁.၂ သန်းနီးပါးဟာ ပြင်းထန်တဲ့ မုန်တိုင်းအန္တရာယ်ရှိနေပြီး ကယ်ဆယ်ရေးပစ္စည်းမျာ လိုအပ်နေကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့နဲ့ လခြမ်းနီအဖွဲ့အစည်းတို့က သတိပေးခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း Molave ဝင်ရောက်တိုက်ခတ်မှုအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် လူဦးရေ ၁.၃ သန်းကျော်ကို ရွှေ့ပြောင်းပေးရန် ပြင်ဆင်လုပ်ဆောင်နေကြောင်း အစောပိုင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ တိုင်ဖွန်း Molave ဟာ ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းကို မဝင်ရောက်မီ ဖိလစ်ပိုင်နိုင်ငံမှာ ဖြတ်သန်းတိုက်ခတ်ခဲ့ရာ လူကိုးဦးထက်မနည်း သေဆုံးပြီး လူဦးရေ ၁၂၀,၀၀၀ ရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။

(နောက်ဆက်တွဲသတင်းနဲ့ အချက်အလက် အပြောင်းအလဲရှိလာနိုင်ပါတယ်)

Share

Loading Next Article...
က္က