စူပါတိုင်ဖွန်းဂိုနီဟာ ဖိလစ်ပိုင်ကို နိုဝင်ဘာ ၁ ရက် ဒေသစံတော်ချိန် မနက်အစောပိုင်းမှာ ဝင်ရောက်ခဲ့ပါတယ်။
Ko John

ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းရဲ့ တောင်ပိုင်းဒေသတစ်လျှောက်ကို အားအလွန်ကောင်းတဲ့ စူပါတိုင်ဖွန်းမုန်တိုင်း ယနေ့ (နိုဝင်ဘာ ၁ ရက်) ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၃ ဦး ပျောက်ဆုံးနေကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

မုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၊ အဆောက်အအုံ ပျက်စီမှုနဲ့ ရေကြီးမှုတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ယခုနှစ်ရဲ့ ကမ္ဘာ့အားအကောင်းဆုံးဖြစ်ခဲ့တဲ့ စူပါတိုင်းဖွန်ဂိုနီဟာ ဖိလစ်ပိုင်ကုန်းတွင်းပိုင်းကို ဝင်ရောက်ပြီးနောက်ပိုင်း တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ အားလျော့သွားကြောင်း ဖိလစ်ပိုင်မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။

ဖိလစ်ကို ဝင်ရောက်တိုက်ခတ်စဥ် မုန်တိုင်းရဲ့ လေတိုက်နှုန်းဟာ တစ်နာရီလျှင် မိုင် ၁၄၀ နဲ့ မုန်တိုင်းကြောင့် လေပြင်းတိုက်စဥ် လေတိုက်နှုန်း တစ်နာရီလျှင် ၁၇၄ မိုင်အထိရှိခဲ့ကြောင်း AP သတင်းက ပြောပါတယ်။ ဂိုနီဟာ ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းမကြီးရဲ့ Bicol နယ်မြေရှိ Catanduanes ကျွန်းကို ယနေ့ ဒေသစံတော်ချိန် မနက် ၄ နာရီ ၅၀ မိနစ်မှာ စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် ဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ BBC သတင်းက ဖော်ပြပါတယ်။

(Photo: AP)

လူဇွန်ကျွန်းမကြီးကို ဖြတ်သန်းတိုက်ခတ်နေစဥ် ဂိုနီဟာ အားလျော့သွားခဲ့ကြောင်း သိရပါတယ်။ မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်မှု သတိပေးချက်ကို အဆင့်လျှော့ချခဲ့ပေမဲ့ တိုင်ဖွန်းဂိုနီဟာ မနီလာမြို့တော်တောင်ပိုင်း နေရာဒေသတွေကို ခြိမ်းခြောက်နေဆဲဖြစ်ကြောင်း ဖိလစ်ပိုင်မိုးလေဝသဌာနက ပြောပါတယ်။

လက်ရှိအချိန်မှာ တိုင်ဖွန်းဂိုနီ တိုက်ခတ်မှုကြောင့် အပျက်အစီး အခြေအနေတွေကို အတိအကျ မသိနိုင်သေးဘူးလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ယခု မုန်တိုင်းဟာ ၎င်းရဲ့ဖြတ်သန်းရာ လမ်းကြောင်းမှ အန္တရာယ်ရှိဇုန်များအတွင်းနဲ့ မနီလာမြို့တော်ဧရီယာရှိ လူဦးရေ ၁၉ သန်းနဲ့ ၃၁ သန်းကြားကို သက်ရောက်မှုရှိနိုင်ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ပြောပါတယ်။

(Photo: EPA)

မုန်တိုင်းအန္တရာယ်ရှိတာကြောင့် လူဦးရေ ၃၄၇,၀၀၀ ခန့်ကို ယာယီခိုလှုံရေးစခန်းများသို့ ရွှေ့ပြောင်းပေးထားကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာန အကြီးအကဲ Ricardo Jalad က ဆိုပါတယ်။ ထိုလူဦးရေပမာဏဟာ ယမန်နေ့က အဆိုပါဌာနက ထုတ်ပြန်ထားခဲ့တဲ့ ၁ သန်းနီးပါးထက် လျော့နည်းခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

စူပါတိုင်ဖွန်းဂိုနီဟာ ၂၀၁၃ ခုနှစ်အတွင်း လူ ၆,၃၀၀ ကျော် သေဆုံးခဲ့တဲ့ ဟိုင်ယန် (Haiyan) မုန်တိုင်းနောက်ပိုင်း ဖိလစ်ပိုင်ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်တဲ့ အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်းလည်း ဖြစ်ပါတယ်။

(နောက်ဆက်တွဲသတင်းနဲ့ ကိန်းဂဏန်းအချက်အလက် အပြောင်းအလဲရှိနိုင်ပါတယ်)


Author


က္က