တူရကီနဲ့ ဂရိ နှစ်နိုင်ငံမှာ ငလျင်ကြောင့် သေဆုံးသူ စုစုပေါင်း ၆၀ ဦး ရှိခဲ့ပါတယ်။

တူရကီမှာ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် ၃၄ နာရီခန့်အကြာမှာ ပြိုကျထားတဲ့ အဆောက်အအုံ အပျက်အစီးများအောက်မှ အသက် ၇၀ အရွယ် အမျိုးသားကြီးတစ်ဦးကို ယနေ့ (နိုဝင်ဘာ ၁ ရက်) အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

(Photo: AFP)

အောက်တိုဘာ ၃၀ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းက Aegean ပင်လယ်ထဲမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် တူရကီနဲ့ ဂရိနိုင်ငံတို့မှာ ယနေ့ နှောင်းပိုင်းအထိ စာရင်းတွေအရ သေဆုံးသူ ၆၀ ဦးရှိလာပြီး လူ ၉၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ငလျင်ဟာ တူရကီနိုင်ငံ Izmir မြို့ ကမ်းလွန်၊ ဂရိနိုင်ငံရဲ့ Samos ကျွန်းမြောက်ဘက်မှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။



ယနေ့ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တဲ့ အဘိုးအိုဟာ ငလျင်လှုပ်မှုအပြီး ထူးထူးခြားခြား ကယ်ထုတ်နိုင်ခဲ့မှုတွေအနက် နောက်ဆုံးဖြစ်ရပ်တစ်ခုလို့ ဆိုပါတယ်။ Ahmet Citim အမည်ရှိ အသက် ၇၀ အရွယ် အမျိုးသားကြီးကို ယနေ့ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီးနောက် ဆေးရုံသုံ ပို့ဆောင်ထားပါတယ်။

(Photo: Reuters)

"ကျွန်တော့် မျှော်လင့်ချက် ဘယ်တော့မှ မဆုံးရှုံးခဲ့ဘူးလို့" အဆိုပါ အမျိုးသားကြီးက ပြောခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး Fahrettin Koca က Twitter မှာ ရေးသားထားပါတယ်။ အစောပိုင်းမှာလည်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက Izmir မြို့ရှိ ပြိုကျခဲ့တဲ့ အဆောက်အအုံတွေမှာ ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်နေခဲ့ပြီး ယခုအခါ တတိယမြောက်နေ့ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

တူရကီ ဒုတိယသမ္မတ Fuat Oktay က အတည်ပြုမှုအရ နိုင်ငံရဲ့ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ Izmir မြို့မှာ ငလျင်ကြောင့် သေဆုံးသူအရေအတွက် ၅၈ ဦးရှိလာကြောင်း သိရပါတယ်။ ငလျင်ကြောင့် ဂရိနိုင်ငံ Samos ကျွန်းမှာလည်း ဆယ်ကျော်သက်နှစ်ဦး သေဆုံးခဲ့ပြီး အခြား လူ ၁၉ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

(Photo: AP)

အောက်တိုဘာ ၃၀ ရက် ငလျင်ရဲ့ပြင်းအားကို ဖော်ပြရာမှာ အမေရိကန် ဘူမိဗေဒဆိုင်ရာဌာနဝက်ဘ်ဆိုက် United States Geological Survey (USGS) က ရစ်ချ်တာစကေး ၇.၀ အဖြစ်လည်းကောင်း၊ အစ္စတန်ဘူလ်မြို့အခြေစိုက် Kandilli Institute က ၆.၉ အဖြစ်လည်းကောင်း၊ တူရကီနိုင်ငံ Disaster and Emergency Management Presidency (AFAD) ကတော့ ၆.၆ အဖြစ်လည်းကောင်း အသီးသီး သတ်မှတ်ဖော်ပြခဲ့ကြပြီး ကွဲလွဲမှုရှိခဲ့ပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက် Izmir မြို့ရှိ Seferihisar ခရိုင်နဲ့ ဂရိနိုင်ငံ Samos ကျွန်းတို့မှာ အသေးစား ဆူနာမီရေလှိုင်း တက်ရောက်ခဲ့ပါတယ်။ ငလျင်လှုပ်မှုကို အစ္စတန်ဘူလ်အပါအဝင် တူရကီအနောက်ပိုင်းတစ်လျှောက်နဲ့ ဂရိနိုင်ငံ အေသင်မြို့တော်တို့မှာလည်း ခံစားသိရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ထိုငလျင်ကြီးလှုပ်အပြီးမှာ နောက်ဆက်တွဲ ငလျင်ငယ်များ ရာနဲ့ချီ လှုပ်ခဲ့ကြောင်း သိရပါတယ်။ ငလျင်ကြောင့် တူရကီတစ်နိုင်ငံတည်းမှာ လူ ၉၀၀ နီးပါး ဒဏ်ရာရခဲ့ကြောင်း AFAD က ပြောပါတယ်။

(Photo: AP)

ငလျင်ကြောင့် တူရကီမှာ အဆောက်အအုံ ၂၆ လုံး ဆိုးဆိုးရွားရွား ပျက်စီးမှုဖြစ်ခဲ့ပြီး ဖြိုချသွားမယ်လို့ ဒုတိယသမ္မတ Fuat Oktay က ဆိုပါတယ်။ ငလျင်လှုပ်ပြီးနောက် ရှာဖွေကယ်ဆယ်ရေးကို လူအင်အား ၅,၇၀၀ လုပ်ဆောင်နေပြီး အခြား ရာနဲ့ချီတဲ့ လူအရေအတွက်က အစားအစာဖြန့်ဝေခြင်း၊ အရေးပေါ်ကူညီပေးခြင်းနဲ့ အဆောက်အအုံ အပျက်အစီးတွေကို ထိန်းသိမ်းပြုပြင်ခြင်းတို့ ဆောင်ရွက်နေကြောင်း AFAD က ပြောပါတယ်။ ငလျင်အပျက်အစီးတွေအောက်မှာ လူဦးရေ မည်မျှအထိ ပိတ်မိနေသေးကြောင်း အတိအကျ မသိရပါဘူး။

တူရကီမီဒီယာမှာ ဖော်ပြမှုအရ ပြိုကျသွားတဲ့ လူနေတိုက်ခန်းတွဲတစ်ခုကနေ လူသုံးဦးကို ယနေ့ ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ သို့သော် ၎င်းတို့ရဲ့ အခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။ ငလျင်အပျက်အစီးများထဲမှ ခွေးများ၊ ကြောင်များနဲ့ ယုန်များကိုလည်း ကယ်ဆယ်ခဲ့တယ်လို့ ဆိုပါတယ်။

(Photo: AFP)

တူရကီနဲ့ဂရိ နှစ်နိုင်ငံလုံးဟာ ကမ္ဘာ့မြေလွှာ ပြတ်ရွေ့ကြောင်းပေါ်မှာ တည်ရှိနေကြပြီး ငလျင်လှုပ်မှုတွေ ဖြစ်လေ့ရှိပါတယ်။ ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း တူရကီနိုင်ငံအရှေ့ပိုင်း Elazig ပြည်နယ်ရှိ Sivirce မြို့မှာ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၃၀ ဦး သေဆုံးပြီး ၁,၆၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းမှာတော့ ဂရိနိုင်ငံ အေသင်မြို့တော်မှာ ငလျင်လှုပ်မှုဖြစ်ပွားခဲ့ရာ မြို့ရဲ့ နေရာအများအပြား လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်အတွင်း တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့အနီးရှိ Izmit မြို့မှာ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့မှုကြောင့် လူ ၁၈,၀၀၀ ခန့် သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။

တူရကီငလျင် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှု

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က