ဘုရင်စနစ်ထောက်ခံသူတွေက ဘုရင်ကိုတွေ့ဆုံရန် နန်းတော်အပြင်ဘက်မှာ နာရီချီကြာ စောင့်ဆိုင်းနေခဲ့ကြပါတယ်။
Ko John

ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်းနဲ့ မိဖုရားတို့က ဘန်ကောက်မြို့မှာ ထောင်နဲ့ချီ အင်အားပြခဲ့ကြတဲ့ ဘုရင်စနစ်ထောက်ခံသူတွေကို ယမန်နေ့ (နိုဝင်ဘာ ၁ ရက်) မှာ တွေ့ဆုံခဲ့ပါတယ်။

(Photo: AP)

ယမန်နေ့က ဘုရင့်နန်းတော် (Grand Palace) ထဲမှာ ကျင်းပြုလုပ်တဲ့ ဘာသာရေးအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ကြပြီးနောက် ဘန်ကောက်လမ်းမပေါ်မှာ ဘုရင်စနစ်ထောက်ခံသူတွေနဲ့ အခြားလူများ ရောထွေးနေခဲ့ကြတယ်လို့ ဆိုပါတယ်။ ဘုရင်စနစ်ထောက်ခံသူတွေက ဘုရင်ကိုတွေ့ဆုံရန် နန်းတော်အပြင်ဘက်မှာ နာရီချီကြာ စောင့်ဆိုင်းနေခဲ့ကြပါတယ်။

၎င်းတို့က ဘုရင်မဟာဗာဂျီယာလောင်ကွန်းနဲ့ မိဖုရးစုသီတာတို့ရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ထားပြီး နိုင်ငံအလံကို ဝှေ့ယမ်းနေခဲ့ကြတယ်လို့ ဆိုပါတယ်။ အများစုက ထီးနန်းကို သစ္စာခံကြောင်းဖော်ပြတဲ့ အဝါရောင်အင်္ကျီများ ဝတ်ဆင်ထားကြပါတယ်။ "ကျွန်မရင်ထဲက ဆန္ဒအတိုင်း ဒီနေရာကို ရောက်လာတာပါ" လို့ အသက် ၄၄ နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးနဲ့ နက္ခဗေဒင်အကြံပေး Pakawarin Damrongrotthawee က ဆိုပါတယ်။

(Photo: AP)

"ထိုင်းအဖြစ် မွေးဖွားလာတယ်၊ ကျွန်မတို့က ဘုရင့်ထီးနန်းကို ကျေးဇူးသိတတ်ရမယ်၊ အစိုးရကို ဆန္ဒပြချင်ရင် သူတို့ ဆန္ဒပြနိုင်တယ်၊ ဒါပေမဲ့ ဘုရင်စနစ်ကိုတော့ မထိကြနဲ့" လို့ သူမက ပြောခဲ့ပါတယ်။ ထိုင်းဘုရင်နဲ့ မိဖုရားက ပြုံးရွှင်စွာဖြင့် နန်းတော်အပြင်ဘက်ထွက်လာခဲ့ချိန်မှာ လူအုပ်ကြီးက "ဘုရင်မင်းမြတ် သက်တော်ရှည်ပါစေ" လို့ အော်ဟစ်ဆုတောင်းကြပါတယ်။

ထိုင်းအဖြစ် မွေးဖွားလာတယ်၊ ကျွန်မတို့က ဘုရင့်ထီးနန်းကို ကျေးဇူးသိတတ်ရမယ်၊ အစိုးရကို ဆန္ဒပြချင်ရင် သူတို့ ဆန္ဒပြနိုင်တယ်၊ ဒါပေမဲ့ ဘုရင်စနစ်ကိုတော့ မထိကြနဲ့

ထို့နောက် ဘုရင်နဲ့ မိဖုရားတို့ လမ်းလျှောက်သွားစဥ် ဘုရင်ရဲ့ခြေဖမိုးကို နမ်းခဲ့ကြပြီး အချို့ကလည်း မျက်နှာသုတ်ပဝါဖြင့် သုတ်ခဲ့ကြပါတယ်။ အချို့ကတော့ ဘုရင်ရဲ့လက်ကို ထိတွေ့ကိုင်တွယ်ခဲ့ကြပြီး ဘုရင်နဲ့ မိဖုရားကို အဝါရောင် နှင်းဆီးပန်များ ပေးအပ်ခဲ့ကြပါတယ်။ ဘုရင်နဲ့ မိဖုရားနောက်မှာ အခြား တော်ဝင်မိသားစုဝင်တွေလည်း လိုက်ပါလာခဲ့ကြတယ်လို့ ဆိုပါတယ်။

(Photo: AP)

ထိုင်းနိုင်ငံမှာ လူငယ်အုပ်စုများ ဦးဆောင်တဲ့ အစိုးရဆန့်ကျင်ရေးနဲ့ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး ဆန္ဒပြမှုတွေ လနဲ့ချီကြာ ပေါ်ပေါက်နေခဲ့ပြီးနောက် ဘုရင်စနစ်ကို ထောက်ခံသူတွေကလည်း တန်ပြန်အင်အားပြမှုတွေ ရှိလာခဲ့ပါတယ်။ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ နုတ်ထွက်ရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ရေးဆွဲရန်နဲ့ နိုင်ငံရေးမှာ ဩဇာလွှမ်းမိုးလွန်းတဲ့ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရန် အဓိက တောင်းဆိုထားကြပါတယ်။

.


Author


က္က