ဟောလိုးဝင်းညသန်းခေါင်ဝန်းကျင်မှာ ဓားရှည်တစ်လက်ဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။
Ko John

ကနေဒါနိုင်ငံ ကူဘက်မြို့မှာ ဓားရှည်တစ်လက် ကိုင်ဆောင်ထားတဲ့ အမျိုးသားတစ်ဦးက တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

အောက်တိုဘာ ၃၁ ရက်ည (ဟောလိုးဝင်းည) သန်းခေါင်ဝန်းကျင်မှာ အလယ်ခေတ်ဝတ်စုံ ဝတ်ဆင်ထားတဲ့ အမျိုးသားက ဓားရှည်တစ်လက်ဖြင့် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ကူဘက်မြို့ (Quebec) ရဲ့ သမိုင်းဝင် Old Quebec အရပ်မှာ ဖြစ်ပွားခဲ့တဲ့ ဓားဖြင့်တိုက်ခိုက်မှုအတွင်း အခြား လူငါဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ဓားဖြင့်တိုက်ခိုက်ခဲ့ကြောင်း သံသယရှိသူကို ယမန်နေ့ (နိုဝင်ဘာ ၁ ရက်) မနက် ၁ နာရီခန့်မှာ ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းရဲ့ အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ကနဦး စစ်ဆေးမှုတွေအရ သံသယရှိသူ အမျိုးသားဟာ အစွန်းရောက်အုပ်စုတစ်ခုခုနဲ့ ဆက်နွယ်ခြင်းမရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

(Photo: Jacques Bosissino/The Canadian Press)

သံသယရှိသူ အသက် ၂၄ နှစ်အရွယ် အမျိုးသားကို ယမန်နေ့က တရားရုံးထုတ်ခဲ့ပြီး ပထမဒီကရီ လူသတ်မှုနစ်ခုဖြင့် စွဲချက်တင်ထားကြောင်း သိရပါတယ်။ "ကနဦး သတင်းအချက်အလက်တွေအရ သံသယရှိသူဟာ သူ့သဘောဆန္ဒအရ လုပ်ခဲ့တာဖြစ်ပြီး အခြား အကြောင်းရင်း မရှိပါဘူး" လို့ ရဲတပ်ဖွဲ့က Twitter မှာ ပြောပါတယ်။

မျက်မြင်တွေ့ရှိခဲ့သူ သုံးဦးရဲ့ ပြောကြားမှုကို Quebec သတင်းစာ Le Soleil မှာ ဖော်ပြထားမှုအရ တိုက်ခိုက်သူက Chateau Frontenac အနီးမှာ လူတစ်ဦးရဲ့လည်ပင်းကို ဓားဖြင့်လှီးခဲ့ကြောင်းနဲ့ ထိုနေရာမှာ သွေးများစွာရှိခဲ့ကြောင်း သိရပါတယ်။ ထို့နောက် ဓားရှည်ကိုင်အမျိုးသားက Rue des Remparts လမ်းကို ဆက်သွားခဲ့ပြီး ထိုနေရာမှာ ဒုတိယမြောက် လူတစ်ဦးကို သတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဓားကိုင်သူက ကူဘက်မြို့ရဲ့ Old Port အရပ်သို့ ဦးတည်ထွက်ခွာသွားပြီး အခြား လူတွေကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ သတင်းစာက ပြောပါတယ်။ ထို့နောက် ဓားဖြင့်တိုက်ခိုက်ကြောင်း သံသယရှိသူကို Old Port မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။ "မနေ့ကညတုန်းက ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုမှာ သေဆုံးခဲ့သူတွေရဲ့ ချစ်ခင်ရင်းနှီးသူတွေအတွက် ကျွန်တော် ဝမ်းနည်းကြေကွဲရပါတယ်၊ ဒဏ်ရာရခဲ့သူတွေ အပြည့်အဝ ပြန်လည်သက်သာကောင်းမွန်စေဖို့လည်း ကျွန်တော် ဆုတောင်းပါတယ်" လို့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒီက Twitter မှာ ပြောခဲ့ပါတယ်။

.


ဆက်စပ်အကြောင်းအရာများ


Author


က္က