မူးယစ်ဆေးဝါး အရောင်းအဝယ်ကိစ္စအပေါ် အငြင်းပွားပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မျက်မြင်အချို့က ဆိုပါတယ်။

ပြင်သစ်တောင်ပိုင်း မောင့်ပယ်လီယာမြို့ လမ်းမတွေမှာ ယမန်နေ့ (နိုဝင်ဘာ ၁ ရက်) က ပြိုင်ဘက် လူဆိုးဂိုဏ်နှစ်ခုကြား နေခင်းကြောင်တောင် အပြင်းအထန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

(Photo: FranceNews24/Twitter)

ပြိုင်ဘက် လူဆိုးဂိုဏ်းနှစ်ခုကြား ပစ္စတိုများနဲ့ ရိုင်ဖယ်များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ပစ်ခတ်မှုအတွင်း အနည်းဆုံး လူတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ မောင့်ပယ်လီယာမြို့ အနောက်မြောက်ပိုင်း La Paillade အရပ်မှာ ယမန်နေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းက ကျယ်လောင်တဲ့ သေနတ်သံများ ကြားခဲ့ရတယ်လို့ ဆိုပါတယ်။



ဆိုရှယ်မီဒီယာမှာ တင်ထားခဲ့တဲ့ ဗီဒီယိုတစ်ခုမှ ပုံရိပ်တွေကို အကျယ်ချဲ့ကြည့်ရာမှာ မျက်နှာဖုံးစွပ်ထားတဲ့ သေနတ်သမားတွေကို တွေ့ရပြီး Assas တာဝါအနီး သေနတ်သံများ ကျယ်လောင်စွာ ထွက်ပေါ်နေခဲ့ပါတယ်။ Assas တာဝါဟာ ပြင်သစ်တောင်ပိုင်း Languedoc-Roussillon နယ်မြေရှိ အမြင့်ဆုံး လူနေအဆောက်အအုံတစ်ခုလည်း ဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာတဲ့ နောက်ထပ် ဗီဒီယိုတစ်ခုမှာတော့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့တဲ့ အမျိုးသားတစ်ဦးကို တွေ့ရပါတယ်။ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ နေရာသို့ အဓိကရုဏ်နှိမ်နင်းရေးတပ်ဖွဲ့နဲ့ စစ်တပ်က ပါဝင်အားဖြည့်ကူညီထားတဲ့ ရဲတပ်ဖွဲ့အင်အား အများအပြား ရောက်ရှိလာခဲ့ကြောင်း ပြင်သစ်မီဒီယာက ဖော်ပြပါတယ်။

၎င်းတို့က ပစ်ခတ်မှုဖြစ်ပွားတဲ့ နေရာတစ်ဝိုက် အဝင်အထွက် ပိတ်ဆို့ထားခဲ့ပြီး ဒဏ်ရာရသူကို ရဲအစောင့်အရှောက်ဖြင့် ဆေးရုံပို့ခဲ့ကြောင်း RT သတင်းက ဆိုပါတယ်။ ယခု ပစ်ခတ်မှုဟာ ပြိုင်ဘက် လူဆိုးဂိုဏ်းနှစ်ခုကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်တစ်ခုက ပြင်သစ်မီဒီယာကို ပြောခဲ့ပါတယ်။

(Photo: FranceNews24/Twitter)

မျက်မြင်တွေ့ရှိသူအချို့ရဲ့ ပြောကြားမှုအရ မူးယစ်ဆေးဝါး အရောင်းအဝယ်ကိစ္စအပေါ် အငြင်းပွားပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ပြောစရာမရှိအောင် ဆိုးရွားတဲ့လုပ်ရပ်များဖြစ်ကြောင်းနဲ့ မယုံကြည်နိုင်လောက်တဲ့ အကြမ်းဖက်မှုလို့ မောင့်ပယ်လီယာမြို့တော်ဝန်က ရှုတ်ချပြောဆိုခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာ မောင့်ပယ်လီယာမြို့ဟာ ရာဇဝတ်မှုအဖြစ်အများဆုံး နေရာတွေထဲမှာ ပါဝင်လာနေကြောင်း ရဲတပ်ဖွဲ့က မှတ်ချက်ပြုထားပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က