ကျန်းမာရေးလမ်းညွှန်ချက်တွေကို လိုက်နာကြရန် အလွန်အရေးကြီးကြောင်း WHO အကြီးအကဲက အလေးအနက် ပြောပါတယ်။
Ko John

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) အကြီးအကဲက ၎င်းဟာ COVID-19 ကူးစက်ခံထားရသူတစ်ဦးနဲ့ ထိတွေ့မှုရှိခဲ့ပြီးနောက် ကိုယ်တိုင် အသွားအလာကန့်သတ် (ကွာရန်တင်း) နေထိုင်လျက်ရှိကြောင်း နိုဝင်ဘာ ၁ ရက်နေ့ နှောင်းပိုင်းမှာ ထုတ်ဖော်ပြောပါတယ်။

(Photo: Reuters)

သို့သော် ၎င်းထံမှာ COVID-19 လက္ခဏာများ မရှိခဲ့ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဆိုပါတယ်။ "ကျွန်တော်က COVID-19 ရှိသူတစ်ယောက်နဲ့ ထိတွေ့ခဲ့ကြောင်း သိရှိခဲ့ရပါတယ်" လို့ Tedros က Twitter မှာ ပြောထားပါတယ်။ "ကျွန်တော် နေကောင်းပါတယ်၊ ရောဂါလက္ခဏာ မရှိပါဘူး၊ ဒါပေမဲ့ လာမယ့် ရက်တွေမှာ WHO စည်းမျဥ်းစည်းကမ်းတွေနဲ့အညီ ကွာရန်တင်းနေထိုင်သွားပြီး အိမ်ကနေ အလုပ်လုပ်ပါမယ်" လို့ WHO အကြီးအကဲက ဆိုပါတယ်။

ကျန်းမာရေးလမ်းညွှန်ချက်တွေကို လိုက်နာဆောင်ရွက်ကြရန် အလွန်အရေးကြီးကြောင်း WHO အကြီးအကဲ Tedros က အလေးအနက် ပြောပါတယ်။ ထပ်မံသိရတဲ့ သတင်းအရ WHO အကြီးအကဲဟာ နေအိမ်မှာ ကွာရန်တင်းနေထိုင်နေပြီး ရောဂါလက္ခဏာရှိလာပါက COVID-19 စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

(Photo: Martial Trezzini/EPA)

Tedros ဟာ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး WHO ရဲ့ အားထုတ်ဆောင်ရွက်မှုတွေမှာ ရှေ့ဆုံးကနေ ဦးဆောင်နေသူ ဖြစ်ပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံမှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ကပ်ရောဂါ ကူးစက်ခံရသူဦးရေဟာ လက်ရှိမှာ ကမ္ဘာတစ်ဝန်း ၄၆ သန်းကျော်ရှိခဲ့ပြီး လူဦးရေ ၁.၂ သန်းကျော် သေဆုံးခဲ့ပါတယ်။

ကျွန်တော် နေကောင်းပါတယ်၊ ရောဂါလက္ခဏာ မရှိပါဘူး၊ ဒါပေမဲ့ လာမယ့် ရက်တွေမှာ WHO စည်းမျဥ်းစည်းကမ်းတွေနဲ့အညီ ကွာရန်တင်းနေထိုင်သွားပြီး အိမ်ကနေ အလုပ်လုပ်ပါမယ်

လတ်တလောမှာ ဥရောပဒေသတွင်း ကူးစက်မှုတွေ တစ်ကျော့ပြန် မြင့်တက်ဖြစ်ပွားမှု ဆိုးရွားနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းငါးပတ်အတွင်း ဥရောပတစ်ဝန်း ကူးစက်မှုအသစ်များ နှစ်ဆဖြစ်လာခဲ့ပြီး ယခုအခါ ဒေသတွင်း ကူစက်ခံရသူ စုစုပေါင်း ၁၀ သန်းပြည့်သွားပြီလို့ Reuters စာရင်းက ဖော်ပြထားပါတယ်။

(Photo: AFP)

ပြီးခဲ့တဲ့ လအတွင်းမှာပင် လက်တင်အမေရိကနဲ့ အာရှ ဒေသတို့မှာလည်း COVID-19 ကူးစက်ခံရသူ ၁၀ သန်းကျော်လွန်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဖြစ်တဲ့ အမေရိကန်တစ်နိုင်ငံတည်းမှာပင် ကူးစက်ခံရသူ ၉ သန်းကျော် တွေ့ရှိထားပါတယ်။ ဥရောပမှာ ကူးစက်ခံရသူ ပထမဆုံး ၅ သန်းပြည့်ရန် ကိုးလနီးပါး ကြာမြင့်ခဲ့ပေမဲ့ နောက်ထပ် ကူးစက်ခံရသူ ၅ သန်းကတော့ တစ်လကျော်အတွင်းမှာပင် တိုးလာခဲ့တာဖြစ်ကြောင်း Reuters သတင်းဌာနရဲ့ လေ့လာဆန်းစစ်မှုအရ သိရှိရပါတယ်။ 

ကူးစက်မှုတွေ တစ်ဟုန်ထိုး မြင့်တက်နေတာကြောင့် ဥရောပဒေသရှိ စပိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီဗြိတိန်၊ ဘယ်လ်ဂျီယံ အပါအဝင် နိုင်ငံအများအပြားမှာ လနဲ့ချီကြာမြင့်မယ့် lockdown စီမံဆောင်ရွက်မှုများ၊ အရေးပေါ်အခြေအနေများ၊ ညမထွက်ရအမိန့်များကဲ့သို့ စည်းမျဥ်းကန့်သတ်ချက်တွေ ထုတ်ပြန်ကြေညာပြီး ကူးစက်မှုထိန်းချုပ်ရေး ကြိုးပမ်းနေကြပါတယ်။


Author


က္က