မနီလာမြို့တော်ကို ဖြတ်သန်းခဲ့စဥ် အားလျော့သွားခဲ့ပြီး တောင်တရုတ်ပင်လယ်ပြင်အတွင်း ရောက်ရှိသွားခဲ့ပါတယ်။
Ko John

ဖိလစ်ပိုင်နိုင်ငံကို ယခုနှစ် အားအကောင်းဆုံး စူပါတိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့မှုအတွင်း လူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး နေအိမ်အလုံးရေ ထောင်သောင်းချီ ပျက်စီးခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက ယနေ့ (နိုဝင်ဘာ ၂ ရက်) ပြောပါတယ်။

(Photo: Reuters)

မုန်တိုင်းဒဏ် အဆိုးရွားဆုံး ကြုံခဲ့ရတဲ့ နေရာတွေမှာ ဆက်သယ်ရေးပြတ်တောက်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ စူပါတိုင်ဖွန်းဂိုနီ (Goni) က ဖိလစ်ပိုင်ရဲ့ လူနေအထူထပ်ဆုံး လူဇွန်ကျွန်းမကြီးပေါ်ရှိ Catanduanes ကျွန်းနဲ့ အနီးအနားရှိ Albay ပြည်နယ်ကို ကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။

ယမန်နေ့ (နိုဝင်ဘာ ၁ ရက်) က ဖိလစ်ပိုင်အရှေ့ဘက်ကမ်းရိုတန်းကို ဝင်ရောက်တိုက်ခတ်စဥ် တိုင်ဖွန်းဂိုနီရဲ့ လေတိုက်နှုန်းဟာ တစ်နာရီလျှင် မိုင် ၁၄၀ အထိ အားကောင်းပြင်းထန်ခဲ့ကြောင်း သိရပါတယ်။ မုန်တိုင်းကြောင့် ပြင်းထန်တဲ့ လေတိုက်ခတ်မှုနဲ့ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဓာတ်အားလိုင်းတိုင်များ လဲပြိုကျမှု၊ ရေကြီးမြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ရာ လူဇွန်ကျွန်းမကြီးတောင်ပိုင်း နေရာဒေသတွေမှာ နေအိမ်များပျက်စီးခဲ့ပါတယ်။

(တောင်တရုတ်ပင်လယ်အတွင်း ရောက်ရှိသွားသည့် ဂိုနီ) (Map: Google)

တိုင်ဖွန်းဂိုနီဟာ မနီလာမြို့တော်ကို ဖြတ်သန်းခဲ့စဥ် အားလျော့သွားခဲ့ပြီးနောက် တောင်တရုတ်ပင်လယ်ပြင်အတွင်းသို ရောက်ရှိသွားခဲ့ပါတယ်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် Catanduanes ကျွန်းနဲ့ Albay ပြည်နယ်တို့ အပါအဝင် နေရာအများအပြားမှာ ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ကြောင်း ဖိလစ်ပိုင်ကြက်ခြေနီအဖွဲ့ အကြီးအကဲ Richard Gordon က ထုတ်ပြန်ချက်တစ်ခုမှာ ပြောထားပါတယ်။

တိုင်ဖွန်းဂိုနီ တိုက်ခတ်မှုကြောင့် နေရာဒေသအချို့မှာ နေအိမ် ၉၀ ရာခိုင်နှုန်းအထိ အပျက်အစီးဖြစ်ပေါ်ခဲ့ သို့မဟုတ် ပျက်စီးသွားခဲ့ကြောင်းလည်း ၎င်းကဆိုပါတယ်။ မုန်တိုင်းကြောင့် လူဦးရေ ၄၀၀,၀၀၀ ဝန်းကျင်ဟာ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ၎င်းတို့အနက် အများစုဟာ ယာယီခိုလှုံရေးစခန်းတွေမှာ နေထိုင်ကြရဆဲ ဖြစ်ပါတယ်။

(Photo: Reuters)

အာဏာပိုင်တွေက မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး ကြုံခဲ့ရတဲ့ နေရာတွေမှာ လျှပ်စစ်ဓာတ်အားနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှု ပြန်လည်ရရှိရန် ကြိုးပမ်းနေကြပါတယ်။ ဂိုနီဟာ ၂၀၁၃ ခုနှစ်အတွင်း လူ ၆,၃၀၀ ကျော် သေဆုံးခဲ့တဲ့ ဟိုင်ယန် (Haiyan) မုန်တိုင်းနောက်ပိုင်း ဖိလစ်ပိုင်ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်းလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ဖိလစ်ပိုင်ကို တိုင်ဖွန်း Molave ဖြတ်သန်းတိုက်ခတ်ခဲ့ရာ မနီလာမြို့တော်တောင်ပိုင်းရှိ နေရာများတစ်လျှောက်မှ အများစုအပါအဝင် လူ ၂၂ ဦး သေဆုံးခဲ့ပါတယ်။ တိုင်ဖွန်းဂိုနီက ၂၀၂၀ ခုနှစ်အတွင်း ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်တဲ့ ၁၈ ခုမြောက် မုန်တိုင်းဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံကို တစ်နှစ်လျှင် တိုင်ဖွန်းမုန်တိုင်း အရေအတွက် ၂၀ ဝန်းကျင် ဝင်ရောက်တိုက်ခတ်လေ့ရှိကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

.


Author


က္က