ကလေးငယ်တစ်ဦးမှာ အသက်သုံးနှစ်အရွယ် ဖြစ်ပါတယ်။

တူရကီငလျင်ကြောင့် ပြိုကျခဲ့တဲ့ လူနေတိုက်ခန်းတွဲ အပျက်အစီးများအောက်မှ မိန်းကလေးငယ်နှစ်ဦးကို ငလျင်လှုပ်ပြီး သုံးရက်အကြာမှာ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ 

(Photo: AP)

Izmir မြို့မှာ အဆောက်အအုံ အပျက်အစီးများအောက်မှ မိန်းကလေးနှစ်ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့မှုဟာ မယုံနိုင်လောက်တဲ့ အံ့ဩစရာဖြစ်ရပ်တစ်ခုလို့ ကယ်ဆယ်ရေးသမားတစ်ဦးက ဆိုပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့ကလည်း အသက် ၇၀ အရွယ် အဘိုးအိုတစ်ဦးကို Izmir မြို့မှာ ပြိုကျခဲ့တဲ့ အဆောက်အအုံ အပျက်အစီးများအောက်မှ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။



အောက်တိုဘာ ၃၀ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းက Aegean ပင်လယ်ထဲမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် တူရကီနဲ့ ဂရိနိုင်ငံတို့မှာ နိုဝင်ဘာ ၂ ရက် ညနေပိုင်းအထိ စာရင်းတွေအရ သေဆုံးသူ ၈၅ ဦးရှိလာပြီး လူ ၁,၀၀၀ နီးပါး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ငလျင်ကြောင့် သေဆုံးဒဏ်ရာရသူ အများစုဟာ တူရကီနိုင်ငံရဲ့ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ Izmir မြို့မှဖြစ်ပါတယ်။

(Photo: AP)

ငလျင်ဟာ တူရကီနိုင်ငံ Izmir မြို့ ကမ်းလွန်၊ ဂရိနိုင်ငံရဲ့ Samos ကျွန်းမြောက်ဘက်မှာ ဗဟိုပြုလှုပ်ခတ်ခဲ့ပါတယ်။ ငလျင်ကြောင့် ဂရိနိုင်ငံ Samos ကျွန်းမှာလည်း ဆယ်ကျော်သက်နှစ်ဦး သေဆုံးခဲ့ပြီး အခြား လူ ၁၉ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ တူရကီမှာ နိုဝင်ဘာ ၂ ရက်နေ့က အပျက်အစီးများအောက်မှ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တဲ့ မိန်းကလေးနှစ်ဦးအနက် အသက် ၁၄ နှစ်အရွယ် Idil Sirin ကို ပထမဦးစွာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

Idil Sirin ဟာ အပျက်အစီးများအောက်မှာ ၅၈ နာရီကြာ ပိတ်မိနေခဲ့တာဖြစ်ပြီး သူမရဲ့ အသက် ၈ နှစ်အရွယ် ညီမဖြစ်သူကတော့ သေဆုံးခဲ့ကြောင်း NTV ရုပ်မြင်သံကြားသတင်းက ပြောပါတယ်။ ထို့နောက် ခုနစ်နာရီအကြာမှာ ကယ်ဆယ်ရေးသမားတွေက နောက်ထပ် ပြိုကျနေတဲ့ အဆောက်အအုံတစ်ခုမှာ ရှာဖွေခဲ့ကြရာမှာ အသက်သုံးနှစ်အရွယ် Elif Perincek အမည်ရှိ မိန်းကလေးကို တွေ့ရှိခဲရပြီး အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

(Photo: AP)

Elif Perincek ဟာ အပျက်အစီးများအောက်မှာ ၆၅ နာရီကြာ ရောက်ရှိနေခဲ့တာဖြစ်ပြီး သူမရဲ့ မိခင်နဲ့ အစ်မနှစ်ဦးကိုတော့ ပြီးခဲ့တဲ့ နှစ်ရက်မှာ ကယ်ထုတ်ခဲ့ပြီးဖြစ်ပါတယ်။ တူရကီ အစိုးရသတင်းဌာန Anadolu Agency က ဖော်ပြမှုအရ Elif Perincek ဟာ ငလျင်အပျက်အစီးများအောက်မှ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တဲ့ ၁၀၆ ဦးမြောက်ဖြစ်ကြောင်း သိရပါတယ်။

တူရကီနဲ့ ဂရိမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ရဲ့ပြင်းအားကို ဖော်ပြရာမှာ အမေရိကန် ဘူမိဗေဒဆိုင်ရာဌာနဝက်ဘ်ဆိုက် United States Geological Survey (USGS) က ရစ်ချ်တာစကေး ၇.၀ အဖြစ်လည်းကောင်း၊ အစ္စတန်ဘူလ်မြို့အခြေစိုက် Kandilli Institute က ၆.၉ အဖြစ်လည်းကောင်း၊ တူရကီနိုင်ငံ Disaster and Emergency Management Presidency (AFAD) ကတော့ ၆.၆ အဖြစ်လည်းကောင်း အသီးသီး သတ်မှတ်ဖော်ပြခဲ့ကြပြီး ကွဲလွဲမှုရှိခဲ့ပါတယ်။

(Photo: AP)

ငလျင်လှုပ်ခတ်ပြီးနောက် Izmir မြို့ရှိ Seferihisar ခရိုင်နဲ့ ဂရိနိုင်ငံ Samos ကျွန်းတို့မှာ အသေးစား ဆူနာမီရေလှိုင်း တက်ရောက်ခဲ့ပါတယ်။ ငလျင်လှုပ်မှုကို အစ္စတန်ဘူလ်အပါအဝင် တူရကီအနောက်ပိုင်းတစ်လျှောက်နဲ့ ဂရိနိုင်ငံ အေသင်မြို့တော်တို့မှာလည်း ခံစားသိရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ထိုငလျင်ကြီးလှုပ်အပြီးမှာ နောက်ဆက်တွဲ ငလျင်ငယ်များ ရာနဲ့ချီ လှုပ်ခဲ့ကြောင်း သိရပါတယ်။ တူရကီနဲ့ဂရိ နှစ်နိုင်ငံလုံးဟာ ကမ္ဘာ့မြေလွှာ ပြတ်ရွေ့ကြောင်းပေါ်မှာ တည်ရှိနေကြပြီး ငလျင်လှုပ်မှုတွေ ဖြစ်လေ့ရှိပါတယ်။

ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း တူရကီနိုင်ငံအရှေ့ပိုင်း Elazig ပြည်နယ်ရှိ Sivirce မြို့မှာ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၃၀ ဦး သေဆုံးပြီး ၁,၆၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းမှာတော့ ဂရိနိုင်ငံ အေသင်မြို့တော်မှာ ငလျင်လှုပ်မှုဖြစ်ပွားခဲ့ရာ မြို့ရဲ့ နေရာအများအပြား လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်အတွင်း တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့အနီးရှိ Izmit မြို့မှာ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့မှုကြောင့် လူ ၁၈,၀၀၀ ခန့် သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က