ကဘူးလ်တက္ကသိုလ် စီးနင်းတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ်အကြမ်းဖက်အုပ်စုက ပြောခဲ့ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်တက္ကသိုလ်ကို သေနတ်သမားများက ဝင်ရောက်စီးနင်း တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၃၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: Wakil Kohsar/AFP)

နိုဝင်ဘာ ၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကဘူးလ်တက္ကသိုလ် စီးနင်းတိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်း ဒေသဆိုင်ရာ အိုင်အက်စ် (Islamic State) အကြမ်းဖက်အုပ်စုက ပြောခဲ့ပါတယ်။ တက္ကသိုလ်ကို စီးနင်းတိုက်ခိုက်ရာမှာ အသေခံဗုံးခွဲကာ စာသင်ခန်းများကို တရစပ် ပစ်ခတ်ခဲ့ပြီး သေနတ်သမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား နာရီချီကြာမြင့်တဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုဟာ သေနတ်သမားများ သေဆုံးသွားချိန်မှာ ရပ်ဆိုင်းသွားခဲ့ကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသားက ဆိုပါတယ်။



(Photo: Wakil Kohsar/AFP)

ကဘူးလ်တက္ကသိုလ်မှာ ကျင်းပပြုလုပ်တဲ့ အီရန်စာအုပ်အရောင်းပွဲတော်ကို အစိုးရတာဝန်ရှိသူများ ရောက်ရှိခါနီး ဒေသစံတော်ချိန် မနက် ၁၁ နာရီဝန်းကျင်မှာ စီးနင်းတိုက်ခိုက်မှု စတင်ခဲ့ပြီးနောက် သေနတ်သမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား အပြန်အလှန် ပစ်ခတ်မှုတွေ နာရီအတန်ကြာ ဆက်လက် ဖြစ်ပွားနေခဲ့ပါတယ်။ ယခုဖြစ်ရပ်အတွင်း သေနတ်သမားများ ပစ်ခတ်မှုကြောင့် နောက်ထပ် လူ ၂၂ ဦးလည်း ဒဏ်ရာခဲ့ပါတယ်။ တက္ကသိုလ်စီးနင်းတိုက်ခိုက်ခံရမှုအတွက် ယနေ့ (နိုဝင်ဘာ ၃ ရက်) ကို တစ်နိုင်ငံလုံး ဝမ်းနည်းကြေကွဲမှုနေ့အဖြစ် အာဖဂန်အစိုးရက သတ်မှတ်ကြေညာထားပါတယ်။

(Photo: Wakil Kohsar/AFP)

အာဖဂန်အခြေစိုက် တာလီဘန်စစ်သွေးကြွအုပ်စုက တက္ကသိုလ်ကို စီးနင်းတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်မှု မရှိခဲ့ကြောင်း ငြင်းဆိုခဲ့ပြီး စီးနင်းတိုက်ခိုက်မှု စတင်ဖြစ်ပွားခဲ့ပြီး မကြာမီမှာပင် ရှုတ်ချခဲ့ပါတယ်။ အိုင်အက်စ်အကြမ်းဖက်အုပ်စုဟာ ပြီးခဲ့တဲ့လအတွင်း လူ ၂၄ ဦး သေဆုံးခဲ့တဲ့ ကဘူးလ်မြို့ရှိ ကျူရှင်တစ်ခုအပြင်ဘက် တိုက်ခိုက်မှုအပါအဝင် အာဖဂန်နစ္စတန်ရှိ ပညာသင်ကြားရေး နေရာတွေကို ယခင်ကလည်း ပစ်မှတ်ထားခဲ့ဖူးပါတယ်။ ထို့အတူ ၂၀၁၈ ခုနှစ်က ကဘူးလ်တက္ကသိုလ်ရှေ့မှာ ဖြစ်ပွားခဲ့ပြီး လူဦးရေ ဒါဇင်နဲ့ချီ သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကိုလည်း ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ်က ပြောခဲ့ပါတယ်။

.

Share

Loading Next Article...
က္က