ဆိုင်ကလုန်းမုန်တိုင်းတစ်ခု ချဥ်းကပ်လာနေကြောင်း သမ္မတဒူတာတေးက ပြောပါတယ်။
Ko John

ဖိလစ်ပိုင်နိုင်ငံကို ယခုနှစ် ကမ္ဘာ့အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် ၂၀ ဦးသို့ မြင့်တက်လာခဲ့ပြီး ယခုအခါ ပျက်စီးမှုတွေဖြစ်စေနိုင်တဲ့ နောက်ထပ် ဆိုင်ကလုန်းမုန်တိုင်းတစ်ခု ချဥ်းကပ်လာနေကြောင်း သမ္မတရိုဒီဂိုဒူတာတေးက နိုဝင်ဘာ ၂ ရက်နေ့မှာ ပြောခဲ့ပါတယ်။

(Photo: AP)

စူပါတိုင်ဖွန်းဂိုနီဟာ ဖိလစ်ပိုင် လူဇွန်ကျွန်းမကြီးကို နိုဝင်ဘာ ၁ ရက်မှာ လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၄၀ ဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ ဂိုနီဟာ ယခုနှစ်မှာ ဖိလစ်ပိုင်ကုန်းတွင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ၁၈ ခုမြောက် မုန်တိုင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း လူ ၆,၃၀၀ ကျော် သေဆုံးခဲ့တဲ့ ဟိုင်ယန် (Haiyan) မုန်တိုင်းနောက်ပိုင်း ဖိလစ်ပိုင်ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်းလည်း ဖြစ်ပါတယ်။

ဖိလစ်ပိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ထုတ်ပြန်မှုအရ တိုင်ဖွန်းဂိုနီ အဓိက ဖြတ်သန်းတိုက်ခတ်ခဲ့ရာ Catanduanes ကျွန်းနဲ့ Albay ပြည်နယ်မှာ လူ ၂၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ မုန်တိုင်းမဝင်ရောက်မီ လူဦးရေ ၃၄၅,၀၀၀ မှ ၄၀၀,၀၀၀ အထိကို ဘေးကင်းရာသို့ ရွှေ့ပြောင်းထားခဲ့ခြင်းကြောင့် ယခုထက်ပိုများတဲ့ သေဆုံးမှုတွေ မဖြစ်ခဲ့ဘူးလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

(Photo: AP)

တိုင်ဖွန်းဂိုနီ တိုက်ခတ်မှုကြောင့် Catanduanes ကျွန်းနဲ့ Albay ပြည်နယ်တို့ အပါအဝင် နေရာအများအပြားမှာ ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ကြောင်း ဖိလစ်ပိုင်ကြက်ခြေနီအဖွဲ့ အကြီးအကဲ Richard Gordon က ထုတ်ပြန်ချက်တစ်ခုမှာ ပြောထားပါတယ်။ နေရာဒေသအချို့မှာ နေအိမ် ၉၀ ရာခိုင်နှုန်းအထိ အပျက်အစီးဖြစ်ပေါ်ခဲ့ သို့မဟုတ် ပျက်စီးသွားခဲ့ကြောင်းလည်း ၎င်းကဆိုပါတယ်။

ဂိုနီလောက် အားကောင်းတဲ့ မုန်တိုင်း မဟုတ်ပါဘူး၊ ဒါပေမဲ့ မုန်တိုင်းဖြတ်သန်းတဲ့ လမ်းကြောင်းရှိ လမ်းတွေ၊ တံတားတွေ ပျက်စီးမှုဖြစ်စေနိုင်ပါတယ်

ယခုအခါ လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၅၀ နီးပါးရှိ နောက်ထပ် မုန်တိုင်းတစ်ခုဖြစ်တဲ့ အတ်ဆာနီ (Atsani) က ပစိဖိတ်သမုဒ္ဒရာအတွင်း ပိုမိုအားကောင်းလာပြီး လက်ရှိ သီတင်းပတ်နှောင်းပိုင်းမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

(Photo: Eloisa Lopez/Reuters)

"ဒါက ဂိုနီလောက် အားကောင်းတဲ့ မုန်တိုင်း မဟုတ်ပါဘူး၊ ဒါပေမဲ့ မုန်တိုင်းဖြတ်သန်းတဲ့ လမ်းကြောင်းရှိ လမ်းတွေ၊ တံတားတွေ ပျက်စီးမှုဖြစ်စေနိုင်ပါတယ်" လို့ သမ္မတဒူတာတေးက အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ အစိုးရ မိုးလေဝသဌာနရဲ့ ခန့်မှန်းချက်အရ ဖိလစ်ပိုင်ကို နိုဝင်ဘာလအတွင်း နောက်ထပ် တိုင်ဖွန်းမုန်တိုင်း နှစ်ခုမှ သုံးခုနဲ့ ဒီဇင်ဘာလအတွင်း တစ်ခုမှ နှစ်ခု ဝင်ရောက်မယ်လို့ သိရပါတယ်။

ကျွန်းပေါင်း ၇,၆၀၀ ကျော်နဲ့ ဖွဲ့စည်းတည်ရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံကို နှစ်စဥ် မုန်တိုင်းအရေအတွက် ၂၀ ဝန်းကျင် ဝင်ရောက်တိုက်ခတ်လေ့ရှိပါတယ်။ တိုင်ဖွန်းဂိုနီ မတိုင်ခင် အောက်တိုဘာလကုန်ပိုင်းကလည်း ဖိလစ်ပိုင်ကို တိုင်ဖွန်း Molave ဖြတ်သန်းတိုက်ခတ်ခဲ့ရာ မနီလာမြို့တော်တောင်ပိုင်းရှိ နေရာများတစ်လျှောက်မှ အများစုအပါအဝင် လူ ၂၂ ဦး သေဆုံးခဲ့ပါတယ်။

.


Author


က္က