ထရန့်က ဒုတိတသက်တမ်းအတွက် အနိုင်ရသွားမလား၊ ဂျိုးဘိုင်ဒန်က သမ္မတဖြစ်လာမလား စောင့်ကြည့်ရမှာပါ။
Ko John

အမေရိကန်နိုင်ငံ ရွေးကောက်ပွဲနေ့ မဲပေးမှုတွေ ယနေ့ (နိုဝင်ဘာ ၃ ရက်) စတင်နေပြီဖြစ်ပြီး ရီပတ်ဘလစ်ကင်ပါတီမှ လက်ရှိသမ္မတ ဒေါ်နယ်ထရန့်က ဒုတိတသက်တမ်းအတွက် အနိုင်ရသွားမလား သို့မဟုတ် ဒီမိုကရက်တစ်ပါတီမှ ပြိုင်ဘက် ဂျိုးဘိုင်ဒန်က သမ္မတဖြစ်လာမလား စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

(ဒေါ်နယ်ထရန့်နဲ့ ဂျိုးဘိုင်ဒန်) (Photo: AFP)

အမေရိကန်ဟာ ၁၉၇၀ ပြည့်လွန် ဗီယက်နမ်စစ်ပွဲကာလနောက်ပိုင်း သဘောထားကွဲလွဲမှုနဲ့ ဒေါသတကြီးဖြစ်မှုတွေ ပိုမိုရှိနေခဲ့ပါတယ်။ အကယ်၍ ၎င်းရှုံးနိမ့်ခဲ့ပါက ထရန့်က ရွေးကောက်ပွဲရလဒ်ကို အငြင်းပွားနိုင်ကြောင်း စိုးရိမ်ပူပန်မှုတွေက ထိုတင်းမာမှုတွေက မီးလောင်ရာလေ့ပင် ဖြစ်‌နေပါတယ်။

ရွေးကောက်ပွဲအကြို လူထုသဘောထားစစ်တမ်း အားလုံးနီးပါးအရ အသက် ၇၇ နှစ်အရွယ် ဂျိုးဘိုင်ဒန်က လူကြိုက်များမှုမှာ ဦးဆောင်နေတယ်လို့ ဆိုပါတယ်။ အမေရိကန်မှာ လူဦးရေ ၂၃၅,၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ COVID-19 ကပ်ရောဂါကာလမှာ အစိုးရသစ်တစ်ရပ် လိုအပ်နေတယ်လို့ ဂျိုးဘိုင်ဒန်က ပြောထားပါတယ်။

(မဲပေးရန် တန်းစီးစောင့်ဆိုင်းနေသူများ) (Photo: Getty Images)

"မနက်ဖြန် ကြီးမားတဲ့အောင်ပွဲအတွက် ကျွန်တော်တို့ အတူတူရောက်ရှိလာတယ်လို့ ကျွန်တော် ခံစားရပါတယ်" လို့ ပင်ဆယ်ဗေးနီးယားပြည်နယ် ပစ်ဘာ့ဂ်မြို့မှာ မဲဆွယ်စည်းရုံးစဥ် ဂျိုးဘိုင်ဒန်က ပြောခဲ့ပါတယ်။ ပင်ဆယ်ဗေးနီးယားပြည်နယ်ဟာ ထောက်ခံမဲရရှိရေး အပြင်းအထန်ယှဥ်ပြိုင်ရတဲ့ နေရာတစ်ခုဖြစ်ပြီး ဂျိုးဘိုင်ဒန်က ပေါ့ပ်စတားအဆိုတော် လေဒီဂါဂါနဲ့အတူ မဲဆွယ်စည်းရုံးခဲ့ပါတယ်။

"အတူရပ်တည်ပြီး ကျွန်တော်တို့ရဲ့ ဒီမိုကရေစီကို ပြန်ယူဖို့ အချိန်ပါ" လို့ ဂျိုးဘိုင်ဒန်က ဆိုပါတယ်။ ထရန့်ကတော့ မဲဆွယ်စည်းရုံးမှုတွေကို မရပ်တန့်သေးဘဲ တနင်္လာနေ့ (နိုဝင်ဘာ ၂ ရက်) က ပြည်နယ်လေးခုမှာ လူစုလူဝေးနဲ့ စုရုံးခဲ့ပြီး မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။ လူထုသဘောထားစစ်တမ်းတွေက ၎င်းအပေါ် ဆန့်ကျင်ပြီး အကွက်ဆင်လုပ်ဆောင်နေခဲ့တယ်လို့ သမ္မတထရန့်က ပြောဆိုခဲ့ပါတယ်။

(အမေရိကန်ရွေးကောက်ပွဲ မဲရုံတစ်ခု) (Photo: Andrew Caballero-Reynoldos/AFP)

ထရန့်ဟာ နိုဝင်ဘာ ၃ ရက် မနက်အစောပိုင်းက မီချီဂန်ပြည်နယ် Grand Rapids မြို့မှာ ၎င်းရဲ့ နောက်ဆုံး မဲဆွယ်စည်းရုံး ဟောပြောမှုကို ပြုလုပ်ခဲ့ပါတယ်။ လူကြိုက်များမှုအရ ဦးဆောင်နေခဲ့တဲ့ ဟီလာရီကလင်တန်ကို အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့တဲ့ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကိုလည်း ထိုမြို့မှာပင် ထရန့်က အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမတိုင်မီ လူထုစစ်တမ်းရလဒ် ကိန်းဂဏန်းတွေ မကောင်းပေမဲ့လည်း အသက် ၇၄ နှစ်အရွယ် ရီပတ်ဘလစ်ကင်သမ္မတနဲ့ အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ထရန့်က နောက်ထပ် အံ့အားသင့်စရာကို မျှော်လင့်ထားပုံရပါတယ်။ "ကျွန်တော်တို့ မနက်ဖြန်မှာ နောက်ထပ် လှပတဲ့အောင်ပွဲရမှာပါ၊ ကျွန်တော်တို့ နောက်တစ်ကြိမ် သမိုင်းရေးထိုးသွားမယ်" လို့ ထရန့်က မီချီဂန်ပြည်နယ်မှ လူအုပ်စုကြီးကို ပြောခဲ့ပါတယ်။

(ပထမဆုံးဆုံး မဲပေးသည့်ကျေးရွာမှ မဲလက်မှတ်များကို သိမ်းဆည်းစဥ်) (Photo: Reuters)

နိုဝင်ဘာ ၃ ရက်နေ့ဟာ သတ်မှတ်ထားတဲ့ အမေရိကန်ရွေးကောက်ပွဲနေ့ဖြစ်ပြီး အမေရိကန်ပြည်သူအများအပြားကတော့ လွန်ခဲ့တဲ့ သီတင်းများအတွင်း စာတိုက်မှတစ်ဆင့် မဲပေးမှုနဲ့ ကြိုတင်မဲပေးမှုတို့ဖြင့် မဲပေးထားခဲ့ကြပြီး ဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါကာလဖြစ်တာကြောင့်လည်း မဲဆန္ဒရှင်များစွာက စာတိုက်မှတစ်ဆင့် မဲပေးမှုနဲ့ ကြိုတင်မဲပေးမှုများကို ပိုမိုလုပ်ဆောင်ခဲ့ကြပြီး လူဦးရေ သန်း ၁၀၀ နီးပါးက မဲပေးထားခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

ယခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ မဲပေးသူရာခိုင်နှုန်းဟာ ရာစုနှစ်တစ်ခုကျော်အတွင်း အမြင့်ဆုံးစံချိန်သစ် ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ မဲပေးမှုတွေ မြင့်တက်လာခြင်းက ရီပတ်ဘလစ်ကင်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဒီမိုကရက်တစ် ပြိုင်ဘက် ဂျိုးဘိုင်ဒန်တို့ကြား ယှဥ်ပြိုင်မှုအပေါ် မဲဆန္ဒရှင်တွေရဲ့ စိတ်ဝင်စားမှု အလွန်ကြီးမားနေတဲ့ လက္ခဏာလည်းဖြစ်ပါတယ်။

(ပထမဆုံး မဲပေးသည့်ကျေးရွာ တည်ရှိရာနေရာ) (Photo: CNN)

အမေရိကန်ရွေးကောက်ပွဲ မဲပေးမှုအတွက် မဲရုံတွေကို အမေရိကန်အရှေ့ပိုင်း ပြည်နယ်တွေဖြစ်တဲ့ နယူးယော့ခ်၊ နယူးဂျာစီ၊ ဗာဂျီးနီးယား၊ ကွန်နက်တီကပ်နဲ့ မိန်းတို့မှာ နိုဝင်ဘာ ၃ ရက် ဒေသစံတော်ချိန် မနက် ၆ နာရီအချိန် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ သို့သော် အမေရိကန်ရွေးကောက်ပွဲရဲ့ ပထမဆုံး မဲရုံတွေကို နယူးဟမ့်ရှိုင်းယားရှိ ကျေးရွာနှစ်ရွာဖြစ်တဲ့ Dixville Notch နဲ့ Millsfield တို့မှာ နိုဝင်ဘာ ၂ ရက် ညသန်းခေါင်မှစပြီး ဖွင့်လှစ်ထားခဲ့ကြောင်း သိရပါတယ်။

ကနေဒါနိုင်ငံ နယ်စပ်အနီး သစ်တောအုပ်အလယ်မှာတည်ရှိပြီး လူဦးရေ ၁၂ ဦးသာ နေထိုင်ကြတဲ့ Dixville Notch ကျေးရွာလေးဟာ ၁၉၆၀ ခုနှစ်မှပြီး အစဥ်အလာအားဖြင့် အမေရိကန်မှာ ပထမဆုံး မဲပေးခဲ့တဲ့ နေရာဖြစ်ပါတယ်။ ယခုနှစ်မှာ ထိုရွာလေးမှ ဆန္ဒမဲငါးမဲလုံးကို ဂျိုးဘိုင်ဒန်က ရရှိခဲ့တယ်လို့ သိပါတယ်။

(စာတိုက်မဲများကို စိစစ်နေစဥ်) (Photo: Getty Images)

ပုံမှန်အားဖြင့် အမေရိကန်ရွေးကောက်ပွဲမှာ မည်သူက အနိုင်ရရှိကြောင်းကို မနက်အစောပိုင်းမှာပင် အတိအကျ သိရလေ့ရှိပါတယ်။ သို့သော် ယခုနှစ်ရွေးကောက်ပွဲမှာတော့ စာတိုက်မှတစ်ဆင့် မဲပေးမှုများစွာရှိခဲ့ရာ ရွေးကောက်ပွဲရလဒ်ကို သိရှိနိုင်ရန် ရက်ပိုင်းအကြာ၊ သီတင်းပတ်အကြာပင် စောင့်ဆိုင်းရတာလည်း ဖြစ်နိုင်ကြောင်း တာဝန်ရှိသူတွေက ပြောထားပါတယ်။

ရွေးကောက်ပွဲအနိုင်ရတဲ့ သမ္မတသစ်ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့မှာ တရားဝင် ကျမ်းသစ္စာကျိန်ဆိုတဲ့ အခမ်းအနားတစ်ရပ်ဖြင့် သမ္မတအဖြစ် စတင်တာဝန်ယူပါတယ်။ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုတဲ့ အခမ်းအနားကို ဝါရှင်တန်ဒီစီရှိ လွှတ်တော်အဆောက်အအုံမှာ ကျင်းပပြုလုပ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က