တိုးမြှင့်လိုက်တဲ့အဆင့်အရ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားနိုင်ခြေ မြင့်မားတယ်လို့ ဆိုလိုပါတယ်။
Ko John

ဗြိတိန်နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုဆိုင်ရာ ခြိမ်းခြောက်မှုအဆင့်ကို ပြင်းထန်အဆင့်သို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း၊ ပြင်သစ်နဲ့ ဩစတြီးယားတို့မှာ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ကြိုတင်ကာကွယ်မှုအဖြစ် ထိုသို့ တိုးမြှင့်လိုက်ကြောင်း ပြည်ထဲရေးဝန်ကြီး Priti Patel က နိုဝင်ဘာ ၃ ရက်နေ့မှာ ပြောပါတယ်။

(ဗြိတိန်ပြည်ထဲရေးဝန်ကြီး) (Photo: BBC)

တိုးမြှင့်လိုက်တဲ့အဆင့်အရ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားနိုင်ခြေ မြင့်မားတယ်လို့ ဆိုလိုပါတယ်။ နိုဝင်ဘာ ၂ ရက် ညပိုင်းက ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့လယ်မှာ အိုင်အက်စ်အကြမ်းဖက်အုပ်စုကို အားပေးထောက်ခံတဲ့ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးရဲ့ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူလေးဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်အပြီးမှာ ဗြိတိန်က အကြမ်းဖက်တိုက်ခိုက်မှုဆိုင်ရာ ခြိမ်းခြောက်မှုအဆင့်ကို တိုးမြှင့်လိုက်တာလည်း ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံမှာလည်း လတ်တလော သီတင်းပတ်များအတွင်း အကြမ်းဖက်တိုက်ခိုက်မှု သုံးခုဖြစ်ပွားခဲ့ပါတယ်။ "ပြင်သစ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းနဲ့ ဩစတြီးယားမှာ မနေ့ညတုန်းက အကြမ်းဖက်ဖြစ်ရပ်တွေ ဖြစ်ခဲ့ပြီးနောက် ကြိုတင်ကာကွယ်မှု အစီအမံဖြစ်ပါတယ်" လို့ Priti Patel က ရုပ်မြင်သံကြားမှတစ်ဆင့် ထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။

(Photo: Reuters)

အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တိတိကျကျ ခြိမ်းခြောက်မှုတစ်ခုခုအပေါ် အခြေခံပြီး ခြိမ်းခြောက်မှုအဆင့်ကို တိုးမြှင့်လိုက်ခြင်းမဟုတ်ဘဲ ကြိုတင်ကာကွယ်မှုအနေနဲ့သာဖြစ်ရာ ပြည်သူလူထုအနေနဲ့ အထိတ်တလန့် မဖြစ်ကြရန်လည်း သူမက ဆိုပါတယ်။ ဗြိတိန်နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှု ခြိမ်းခြောက်မှုအဆင့်ကို ပြည်တွင်းထောက်လှမ်းရေးဌာန MI5 လက်အောက်မှ Joint Terrorism Analysis Centre အကဲဖြတ်ပြီး အစိုးရဌာနဲ့ အဖွဲ့အစည်း ၁၆ ခုမှ ကိုယ်စားလှယ်တွေက သတ်မှတ်ရေးဆွဲထားပါတယ်။


Author


က္က