COVID-19 ကြောင့် ဆေးရုံတက်တဲ့ အတည်ပြုလူနာဦးရေလည်း မြင့်တက်လာခဲ့ပါတယ်။
Ko John

အမေရိကန်မှာ ယမန်နေ့ (အောက်တိုဘာ ၄ ရက်) စာရင်းအရ COVID-19 ကူးစက်ခံရသူ ၂၄ နာရီအတွင်း ၁၀၀,၀၀၀ ကျော် တိုးလာခဲ့ပြီး ကပ်ရောဂါကာလတစ်လျှောက် အမြင့်ဆုံး စံချိန်သစ်တင်ခဲ့ပါတယ်။

(Photo: AP)

ထိုအတောအတွင်း COVID-19 ကြောင့် ဆေးရုံတက်တဲ့ အတည်ပြုလူနာဦးရေလည်း မြင့်တက်လာခဲ့ကြောင်းနဲ့ စစ်ဆေးမှုတိုးမြှင့်လိုက်မှု တစ်ခုတည်းကြောင်း ကူးစက်မှုတွေ တစ်ဟုန်းထိုး တိုးလာခဲ့ခြင်းမဟုတ်ကြောင်း အမေရိကန် Covid Tracking Project က ယူဆထားကြောင်း BBC သတင်းက ဖော်ပြပါတယ်။ ယမန်နေ့ ထုတ်ပြန်မှုအရ အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူ ၁,၁၀၀ ကျော် တိုးလာခဲ့ကြောင်းလည်း သိရပါတယ်။ အမေရိကန်မှာ ရွေးကောက်ပွဲ မဲရေတွက်မှုနဲ့ပတ်သက်ပြီး တင်းမာမှုတွေရှိနေခြင်းက COVID-19 သတင်းကို လွှမ်းမိုးသွားခဲ့ပါတယ်။

အောက်တိုဘာ ၄ ရက် စာရင်းတွေအရ အမေရိကန်တစ်ဝှမ်းမှာ လူဦးရေ ၅၀,၀၀၀ ကျော်ဟာ COVID-19 ကြောင့် ဆေးရုံတက်နေရပြီး ထိုအရေအတွက်ဟာ အောက်တိုဘာလ အစောပိုင်းမှာထက် ၆၄ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်မှာ နေ့စဥ် COVID-19 ကြောင့် ပျမ်းမျှ သေဆုံးမှုနှုန်းကလည်း တစ်ကျော့ပြန် မြင့်တက်လာတယ်လို့ ဆိုပါတယ်။ သို့သော် ကပ်ရောဂါစတင်ဖြစ်ပွားချိန်နဲ့ နှိုင်းယှဥ်ကပါက သေဆုံးမှု လျော့နည်းခဲ့ကြောင်း သိရပါတယ်။

(Photo: EPA)

အမေရိကန်ဟာ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၉.၈ သန်းနဲ့ သေဆုံးသူ ၂၃၉,၀၀၀ ကျော်ရှိခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ Worldometers မှာ ယနေ့ (အောက်တိုဘာ ၅ ရက်) မြန်မာစံတော်ချိန် မနက်အစောပိုင်း ဖော်ပြထားမှုအရ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ ၄၈.၄ သန်းကျော်၊ သေဆုံးသူ ၁.၂ သန်းကျော်နဲ့ ပြန်လည်သက်သာလာသူ ၃၄.၇ သန်းကျော်ရှိကြောင်းလည်း သိရပါတယ်။


Author


က္က