ပင်ဆယ်ဗေးနီးယားနဲ့ နီဗားဒါးမှာ နောက်ထပ် ဥပဒေကြောင်းအရ အရေးဆိုဆောင်ရွက်မှု လုပ်ဆောင်မယ်လို့ ဆိုပါတယ်။
Ko John

အမေရိကန်သမ္မတ‌ ဒေါ်နယ်ထရန့်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က ပင်ဆယ်ဗေးနီးယားနဲ့ နီဗားဒါး ပြည်နယ်တွေမှာ နောက်ထပ် ဥပဒေကြောင်းအရ အရေးဆိုဆောင်ရွက်မှုတွေ လုပ်ဆောင်သွားရန် မျှော်လင့်ထားပြီး ရီပတ်ဘလစ်ကင် လက်ရှိသမ္မတက ရွေးကောက်ပွဲမှာ အနိုင်ရကြောင်းကို အစောဆုံးအဖြစ် သောကြာနေ့ (နိုဝင်ဘာ ၆ ရက်) ညပိုင်းမှာ ရလဒ်ထွက်ပေါ်လာမယ်လို့ နိုဝင်ဘာ ၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

(Photo: AP)

ထရန် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ မန်နေဂျာ Bill Stepien က ထရန့်ဟာ သမ္မတရွေးကောက်ပွဲမှုမှာ ရှုံးနိမ့်သွားခဲ့တာမျိုး မဟုတ်ဘဲ ယှဥ်ပြိုင်နေဆဲသဘောမျိုး သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ထရန့်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး အကြံပေးပုဂ္ဂိုလ် Jason Miller ကလည်း ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ ယခင်ရေတွက်ခဲ့ပြီးသား မဲတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိကြောင်း သေချာစေရန် ဥပဒေကြောင်းအရ ဆောင်ရွက်ရန် မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။



ထရန့်က အမေရိကန် မဲပေးမှုစနစ်ရဲ့ မှန်ကန်တည်ကြည်မှုကို တိုက်ခိုက်ပြောဆိုခဲ့ပြီး မဲမသမာမှုတွေရှိကြောင်း သက်သေအထောက်အထားမဲ့ စွပ်စွဲကာ တရားစွဲမှုတွေရှိခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ အနည်းဆုံး ပြည်နယ်တစ်ခုမှာ မဲများ ပြန်‌ရေတွက်ရန် ထရန့်က တောင်းဆိုခဲ့ပါတယ်။ ထရန့်ရဲ့အဖွဲ့က နီဗားဒါးပြည်နယ်မှာ မဲမသမာမှုများရှိခဲ့ကြောင်း စွပ်စွဲချက်ဖြင့် တရားစွဲဆိုမှုကို ဒေသစံတော်ချိန် နိုဝင်ဘာ ၅ ရက် နှောင်းပိုင်းမှာ ကြေညာသွားမယ်လို့ ခန့်မှန်းထားပါတယ်။ နီဗားဒါးပြည်နယ်မှ နောက်ဆုံး မဲရလဒ်စာရင်းကို နိုဝင်ဘာ ၁၂ ရက်အထိ သိရှိနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

(Photo: Reuters)

ဥပဒေရေးရာ ကျွမ်းကျင်သူအချို့ကတော့ ဥပဒေကြောင်းအရ အ‌ရေးဆိုလုပ်ဆောင်မှုတွေကို ရွေးကောက်ပွဲ နောက်ဆုံးရလဒ်အပေါ် သက်ရောက်နိုင်ဖွယ်မရှိကြောင်း သုံးသပ်ကြပါတယ်။ အမေရိကန်မှာ ရွေးကောက်ပွဲနေ့အပြီး မဲရေတွက်မှုတွေ ဆက်လက် လုပ်ဆောင်နေခဲ့တာ နှစ်ရက်ရှိပြီဖြစ်ကြောင်းနဲ့ COVID-19 ကာလအတွင်း စာတိုက်မှတစ်ဆင့်မဲပေးမှုတွေ များစွာရှိခဲ့တာကြောင့် မဲရေတွက်မှု နှောင့်နှေးနေခဲ့ပါတယ်။ လက်ရှိအချိန်အထိ ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်က ဦးဆောင်နေခဲ့ပါတယ်။

အမေရိကန်ရွေးကောက်ပွဲအကြောင်း ဘာတွေသိထားသင့်လဲ?

AP ၊ Fox News ကဲ့သို့ သတင်းဌာနတွေက ဖော်ပြထားတဲ့ ရွေးကောက်ပွဲရလဒ် တိုက်ရိုက်တင်ဆက်မှုတွေအရ မြန်မာစံတော်ချိန် ယနေ့ (နိုဝင်ဘာ ၅ ရက်) ညနေ ၆ နာရီခွဲဝန်းကျင်အထိ ဂျိုးဘိုင်ဒန်က Electroal College မဲ ၂၆၄ မဲနဲ့ ထရန့်က ၂၁၄ မဲ အသီးသီး ရရှိထားကြောင်း တွေ့ရပါတယ်။ အမေရိကန်ရွေးကောက်ပွဲစနစ်အရ သမ္မတလောင်းနှစ်ဦးလုံးဟာ ရွေးကောက်ပွဲမှာ ပြည်နယ်ကိုယ်စားပြု မဲပေးရွေးချယ်ခွင့်ရ ကိုယ်စားလှယ်အဖွဲ့ (Electoral College) ရဲ့ ထောက်ခံမဲတွေရရှိရန် ယှဥ်ပြိုင်ကြရပြီး စုစုပေါင်း ၅၃၈ မဲအနက်မှ မဲ ၂၇၀ သို့မဟုတ် ထိုထက်ပိုများတဲ့ မဲအရေအတွက်ရရှိသူက အနိုင်ရရှိပါတယ်။

(Infographic: AP)

လက်ရှိအချိန်အထိ Electoral College မဲ ၄၇၈ မဲရဲ့ ရလဒ်များထွက်ပေါ်ခဲ့ပြီဖြစ်ရာ နောက်ထပ် မဲ ၆၀ ရဲ့ ရလဒ်တွေကို ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ သို့သော် လက်ကျန်မဲတွေအနက် ဂျိုးဘိုင်ဒန်က ၆ မဲမျှရရှိရုံဖြင့် အနိုင်ရမှာဖြစ်ပါတယ်။ ထရန့်ကတော့ သမ္မတရွေးကောက်ပွဲအနိုင်ရရန် နောက်ထပ် ၅၆ မဲ လိုအပ်နေတာ ဖြစ်ပါတယ်။

ယခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ မဲပေးသူအရေအတွက်ဟာ ၆၆.၉ ရာခိုင်နှုန်းအထိရှိခဲ့ပြီး နှစ်ပေါင်း ၁၂၀ အတွင်း အများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း US Election Project က ထုတ်ပြန်ထားပါတယ်။ COVID-19 ကပ်ရောဂါကာလဖြစ်တာကြောင့်လည်း မဲဆန္ဒရှင်များစွာက စာတိုက်မှတစ်ဆင့် မဲပေးမှုနဲ့ ကြိုတင်မဲပေးမှုများကို ပိုမိုလုပ်ဆောင်ခဲ့ကြပြီး ရွေးကောက်ပွဲနေ့မတိုင်မီ လူဦးရေ သန်း ၁၀၀ နီးပါးက မဲပေးထားခဲ့ပြီး ဖြစ်ပါတယ်။


Author

  • Ko John

    Editorial Advisor at Duwun


က္က