မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။
Ko John

ဂွာတီမာလာနိုင်ငံမှာ မုန်တိုင်း Eta တိုက်ခတ်မှုကြောင့် မိုးသည်းထန်ပြီး မြေပြိုမှုအတွင်း အစွန်အဖျား ကျေးရွာတစ်ရွာရှိ ဒါဇင်နဲ့ချီတဲ့ နေအိမ်များ နစ်မြုပ်သွားခဲ့ရာ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ရန် စစ်တပ် ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

မြေပြိုမှုများ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံအလယ်ပိုင်း Alta Verapaz နယ်မြေရှိ Queja ကျေးရွာမှာ လူ ၁၀၀ ဝန်းကျင် သေဆုံးနိုင်ကြောင်း ဂွာတီမာလာသမ္မတ Alejandro Giammattei က ပြောပါတယ်။ ရာသီဥတုဆိုးရွားမှုက ကယ်ဆယ်ရေးလုပ်ငန်းကို နှောင့်နှေးကြန့်ကြာစေခဲ့ပြီး နေရာအများအပြားဟာ ရေကြီးနေပြီး လမ်းများပိတ်ဆို့နေဆဲဖြစ်ပါတယ်။

မုန်တိုင်းကြောင့် ဂွာတီမာလာနိုင်ငံတစ်ဝန်း လူ ၅၀ ထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက အစောပိုင်းမှာ အတည်ပြုထားခဲ့ပါတယ်။ Eta က ဂွာတီမာလာနဲ့ အိမ်နီးချင်း နီကာရာဂူးနိုင်ငံ ကုန်းတွင်းပိုင်းကို လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၄၀ ဖြင့် ပြင်းအားအဆင့် ၄ (Category 4) ဟာရီကိန်းမုန်တိုင်းအဖြစ် အင်္ဂါနေ့ (နိုဝင်ဘာ ၃ ရက်) မှာ ဝင်ရောက်တိုက်ခတ်ပါတယ်။

(Photo: Reuters)

ထို့နောက် အပူပိုင်းလေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့သွားခဲ့ပြီး ဟွန်ဒူးရပ်စ်ကို ဖြတ်သန်းခဲ့ကာ နောက်ပိုင်းမှာ ဂွာတီမာလာသို့ ဝင်ရောက်ခဲ့ပါတယ်။ ရေကြီးမြေပြိုမှု ဖြစ်ပွားခဲ့တဲ့ နေရာဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ဆောင်မှုဟာ ကယ်ဆယ်ရေးရဟတ်ယာဥ် တစ်စီးသာရှိတာကြောင့် အကန့်အသတ်ဖြစ်ခဲ့ကြောင်း သမ္မတ Alejandro Giammatte က ပြောပါတယ်။

"ကျွန်တော်တို့ မရောက်နိုင်တဲ့ နေရာတွေမှာ ပိတ်မိနေသူတွေ အများကြီးရှိပါတယ်" လို့ ၎င်းကဆိုပါတယ်။ မုန်တိုင်းတိုက်ခတ်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် ဂွာတီမာလာမှာ နေရာအများအပြားကို အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပါတယ်။ Queja ကျေးရွာ အခြေအနေဟာ အလွန်ဆိုးကြောင်းနဲ့ ထိုနေရာမှ အလောင်းတွေ ပြန်မရသေးကြောင်း သမ္မတက ပြောပါတယ်။

(Photo: Getty Images)

ဂွာတီမာလာနဲ့ အိမ်နီးချင်း ဟွန်ဒူးရပ်စ်မှာလည်း မုန်တိုင်းကြောင့် လူ ၁၀ ဦး သေဆုံးကြောင်း အတည်ပြုထားပြီး ရေကြီးနေတဲ့ နေရာတွေမှာ ရာနဲ့ချီတဲ့ လူအရေအတွက်ကို ကယ်တင်ရန်လုပ်ဆောင်နေဆဲလို့ BBC သတင်းက ဖော်ပြပါတယ်။ ယမန်နေ့ (နိုဝင်ဘာ ၆ ရက်) မှာတော့ Eta က ဘီလစ်ဇ်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ ရှိနေခဲ့ပြီး ကာရေဘီယန်ပင်လယ်သို့ ရွေ့လျားနေကြောင်းနဲ့ ယခုသီတင်းပတ်ကုန်မှာ ကျူးဘားနဲ့ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်သို့ ဦးတည်နေကြောင်း အမေရိကန်ဟာရီကိန်းစင်တာ (National Hurricane Center - NHC) က ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က