ကိုဗစ်ကြောင့် သေဆုံးသူက ၂၄ နာရီအတွင်း ၁,၅၃၅ ဦး တိုးလာခဲ့ပါတယ်။
Ko John

အမေရိကန်မှာ နိုဝင်ဘာ ၁၀ ရက်နေ့ စာရင်းတွေအရ COVID-19 ကူးစက်ခံရသူ တစ်ရက်အတွင်း ၂၀၀,၀၀၀ တိုးလာခဲ့ပြီး နိုင်ငံမှာသာမက ကမ္ဘာတစ်ဝန်းမှာ နေ့အလိုက်ကူးစက်မှုအသစ် အမြင့်ဆုံးစံချိန်တင်ခဲ့ပါတယ်။

(Photo: Reuters)

အမေရိကန်မှာ ကူးစက်ခံသူများ ယခုအထိ များပြားတဲ့အရေအတွက် တိုးလာမှုက ကာကွယ်ဆေးတစ်ခုရရှိရန် အလွန်အရေးတကြီး လိုအပ်နေကြောင်း ပေါ်လွင်စေခဲ့ပါတယ်။ ယမန်နေ့ စာရင်းတွေအရ အမေရိကန် COVID-19 ကြောင့် သေဆုံးသူကလည်း ၂၄ နာရီအတွင်း ၁,၅၃၅ ဦး တိုးလာခဲ့ကြောင်း သိရပါတယ်။

အမေရိကန်မှာ COVID-19 ကြောင့် ဆေးရုံတက်နေရသူကလည်း ၆၀,၀၀၀ အထိ များပြားနေကြောင်း သိရပါတယ်။ အမေရိကန်ဟာ ကမ္ဘာတစ်ဝန်း ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၀.၅ သန်းကျော်နဲ့ သေဆုံးသူ ၂၄၅,၀၀၀ ကျော်ရှိခဲ့ပါတယ်။

(Photo: AFP)

ထိုအတောအတွင်း အမေရိကန်အခြေစိုက် Pfizer ဆေးဝါးကုမ္ပဏီနဲ့ ဂျာမနီ ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့ ပူးပေါင်းထုတ်လုပ်တဲ့ ကာကွယ်ဆေးက COVID-19 ကနေ ၉၀ ရာခိုင်နှုန်းကျော် ကာကွယ်ပေးနိုင်ကြောင်း နိုဝင်ဘာ ၉ ရက်နေ့မှာ ကြေညာခဲ့မှုနဲ့အတူ ကမ္ဘာတစ်ဝန်း ထိရောက်တဲ့ ကာကွယ်ဆေးတစ်ခုပေါ်လာနိုင်တော့မယ်လို့ အကောင်းမြင့် မျှော်လင့်ချက်တွေ မြင့်တက်နေပါတယ်။

အဆိုပါ ကာကွယ်ဆေးစမ်းသပ်မှုရလဒ်ကို အစောပိုင်း လေ့လာဆန်းစစ်မှု အချက်အလက်တွေအရ COVID0-19 ရောဂါမဖြစ်စေရန် ၉၀ ရာခိုင်နှုန်းကျော် ထိရောက်စွာ ကာကွယ်ပေးနိုင်ကြောင်း လွတ်လပ်တဲ့ စောင့်ကြည့်အကဲဖြတ်အဖွဲ့က တွေ့ရှိခဲ့ပါတယ်။ ယခုလနှောင်းပိုင်းမှာ အမေရိကန်နိုင်ငံရဲ့ အစားအစာနဲ့ ဆေးဝါးကြီးကြပ်ရေးအဖွဲ့ (FDA) ထံမှ အရေးပေါ်သုံးအဖြစ် ခွင့်ပြချက်တောင်းခံသွားမယ်လို့ Pfizer က ပြောပါတယ်။

(Photo: AFP)

Pfizer နဲ့ BioNTech တို့ရဲ့ COVID-19 ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်မှုတွေကို အမေရိကန်နဲ့ အခြားနိုင်ငံ ငါးနိုင်ငံမှာ ပြုလုပ်ခဲ့ပြီး လူဦးရေ ၄၄,၀၀၀ နီးပါး ပါဝင်စမ်းသပ်ခံခဲ့ကြပြီး ဘေးအန္တရာယ်ကင်းမှုနဲ့ ပတ်သက်တဲ့ စိုးရိမ်စရာများ မရှိခဲ့ကြောင်း သိရပါတယ်။ Phase 3 စမ်းသပ်မှုလို့ သိထားကြတဲ့ နောက်ဆုံးအဆင့် စမ်းသပ်မှုများ လုပ်ဆောင်နေတဲ့ COVID-19 ကာကွယ်ဆေး တစ်ဒါဇင်ဝန်းကျင်ရှိနေပေမဲ့ Pfizer နဲ့ BioNTech တို့ရဲ့ဆေးက စမ်းသပ်မှုရလဒ် ထုတ်ပြန်ခဲ့တဲ့ ပထမဆုံး ကာကွယ်ဆေးဖြစ်လာပါတယ်။

(Photo: Reuters)

Pfizer က ယခုနှစ်ကုန်မှာ ၎င်းတို့ရဲ့ ကာကွယ်ဆေးကို အရေအတွက် သန်း ၅၀ နဲ့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအရောက်မှာ ကာကွယ်ဆေး ၁.၃ ဘီလီယံဝန်းကျင် ထုတ်လုပ်နိုင်မယ်လို့ ထုတ်လုပ်နိုင်မယ်လို့ ယုံကြည်ထားကြောင်း သိရပါတယ်။ သို့သော် ကာကွယ်ဆေး သယ်ယူပို့ဆောင်ရာမှာတော့ အပူချိန်ကို အနုတ် ၈၀ ဒီဂရီဆဲလ်စီးယပ်အောက်မှာ ထိန်းထားရမှာဖြစ်ရာ စိန်ခေါ်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။ ယနေ့အထိ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်ခံရသူ ၅၁.၈ သန်းကျော်လွန်ပြီဖြစ်ပြီး သေဆုံးသူ ၁.၂၇ သန်းကျော်ရှိခဲ့ကာ ကူးစက်ခံရသူ ၃၆ သန်းကျော်ကတော့ ပြန်လည်သက်သာခဲ့ပါတယ်။ 


Author


က္က