ဒေါ်နယ်ထရန့်ရဲ့ အောင်နိုင်ရေးအဖွဲ့က တောင်းဆိုထားခဲ့အတိုင်းဖြစ်တယ်လို့ ဆိုပါတယ်။
Ko John

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဂျော်ဂျီယာပြည်နယ်မှ မဲလက်မှတ်များ အားလုံးကို လက်ဖြင့် ပြန်လည်ရေတွက်သွားမယ်လို့ တာဝန်ရှိသူတွေက ကြေညာလိုက်ကြောင်း သိရပါတယ်။

(Photo: BBC)

"ကျွန်တော်တို့ စာရွက်တိုင်း - မဲလက်မှတ်တိုင်း၊ ဥပဒေနဲ့ညီတဲ့ မဲပေးထားမှုတိုင်း၊ ဥပဒေနဲ့ညီတဲ့ မဲလက်မှတ်တိုင်းကို ရေတွက်သွားမှာပါ" လို့ ဂျော်ဂျီယာပြည်နယ်အစိုးရ တာဝန်ရှိသူက Brad Reffensperger က သတင်းထောက်တွေကို ပြောပါတယ်။ ဒေါ်နယ်ထရန့်ရဲ့ အောင်နိုင်ရေးအဖွဲ့က အင်္ဂါနေ့ (နိုဝင်ဘာ ၁၀ ရက်) မှာ တောင်းဆိုထားခဲ့အတိုင်းဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်နယ်တစ်ခုချင်းစီးမှာ မဲလက်မှတ်များ ပြန်လည်ရေတွက်တဲ့ စည်းမျဥ်းများရှိပါတယ်။ သို့သော် ယေဘုယျအားဖြင့် မဲလက်မှတ်တွေကို ပြန်လည်ရေတွက် စာရင်းကိုက်ညီစေခြင်းနဲ့ ပြန်လည်စစ်ဆေးခြင်းတို့ ပြုလုပ်လေ့ရှိကြပါတယ်။ အချို့နေရာတွေမှာ မဲလက်မှတ် အရေအတွက်အချို့ကို စက်ဖြင့်ရေတွက်ထားမှု မှန်ကန်ကြောင်း သေချာစေရန် လက်ဖြင့် ရေတွက်လေ့ရှိတယ်လို့ BBC က ဖော်ပြပါတယ်။

(Infographic: AP)

သို့သော် မဲလက်မှတ်များ ပြန်လည်ရေတွက်မှုဟာ အနိုင်အရှုံးရလဒ်မှာ အပြောင်းအလဲဖြစ်စေနိုင်မှု ရှားပါးပါတယ်။ ဒါ့အပြင် ဂျော်ဂျီယာပြည်နယ် မဲလက်မှတ်တွေကို ပြန်လည်ရေတွက်မှုအရ ဂျိုးဘိုင်ဒန် ရှုံးနိမ့်ခဲ့လျှင်လည်း ၎င်းဟာ သမ္မတရွေးကောက်ပွဲ အနိုင်ရရန်လိုအပ်တဲ့ Electoral College မဲ ၂၇၀ ကျော်လွန်ရရှိနေဆဲ ဖြစ်မယ်လို့ သိရပါတယ်။

အမေရိကန်ရွေးကောက်ပွဲအကြောင်း ဘာတွေသိထားသင့်လဲ?

ဂျော်ဂျီယာပြည်နယ်ရဲ့ မဲရလဒ် နောက်ဆုံးအတည်ပြု ထုတ်ပြန်ရမယ့်ရက်ဟာ နိုဝင်ဘာ ၂၀ ရက်နေ့ ဖြစ်ပါတယ်။ ဂျော်ဂျီယာဟာ အစဥ်အလားအားဖြင့် ထရန့်ရဲ့ ရီပတ်ဘလစ်ကင်ပါတီ အားကောင်းတဲ့ပြည်နယ်ဖြစ်ပြီး ဒီမိုကရက်တစ်ပါတီ ၁၉၉၂ ခုနှစ်နောက်ပိုင်း အနိုင်မရခဲ့ဖူးပါဘူး။

(Photo: Brandon Bell/Reuters)

သို့သော် ယခုနှစ် ရွေးကောက်ပွဲမှာတော့ ဂျော်ဂျီယာပြည်နယ်ရဲ့ အစောပိုင်း မဲရလဒ်တွေမှာ ထရန့်က အသာရနေခဲ့ရာမှ နောက်ပိုင်းမှာ ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်က မဲအရေအတွက် ၁၄,၀၀၀ ခန့်အသာဖြင့် ပြန်ဦးဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန် အနိုင်ရရှိကြောင်း မီဒီယာများက ဖော်ပြထားကြပြီး နိုင်ငံတကာခေါင်းဆောင် အများအပြားကလည်း ဂုဏ်ပြုခဲ့ကြပါတယ်။

သို့သော် ထရန့်ကတော့ လက်ရှိအချိန်အထိ ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ဝန်မခံသေးဘဲ ဥပဒေကြောင်းအရ အရေးဆို စိန်ခေါ်သွားမယ်လို့ ဆိုပါတယ်။ ထရန့်က သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ကြောင်း ဝန်မခံသေးခြင်းက ရှက်စရာလို့ထင်ကြောင်းနဲ့ အာဏာလွှဲပြောင်းရေးကို ရပ်တန့်စေမှာမဟုတ်ကြောင်း ဂျိုးဘိုင်ဒန်က အခိုင်အမာ ပြောထားပါတယ်။

(Photo: CNN)

လေးနှစ်တစ်ကြိမ် ရွေးကောက်ပွဲတိုင်းမှာ ပြည်နယ်အားလုံးရဲ့ မဲရလဒ်တွေ မစုံလင်မီ အမေရိကန်မီဒီယာက အနိုင်ရရှိသူကို ခန့်မှန်းဖော်ပြလေ့ရှိပါတယ်။ ယခုနှစ်မှာလည်း ပြည်နယ်တွေရဲ့ မဲရလဒ်တွေကို အတည်ပြုခဲ့ခြင်း မရှိသေးဘဲ မဲရေတွက်မှုအချို့ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ သမ္မတရွေးကောက်ပွဲ နောက်ဆုံးအတည်ပြုရလဒ်ကို မဲပေးရွေးချယ်ခွင့်ရ ကိုယ်စားလှယ်အဖွဲ့ Electoral College က အစည်းအ‌ဝေးပြုလုပ်မယ့် ဒီဇင်ဘာ ၁၄ ရက်နေ့မှသာ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။


Author


က္က