ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့တဲ့ လနဲ့ချီကြာပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ နုတ်ထွက်ရန်နဲ့ ဘုရင်မဟာဗာဂျီယာလောင်ကွန်းရဲ့ ဩဇာလွှမ်းမိုးမှုလျှော့ချရန် ကန့်ကွက်ဆန္ဒပြမှုများအတွင်း ရဟန်းသံဃာများ ပါဝင်ခြင်းမပြုကြရန် သံဃာ့အဖွဲ့အစည်းက နိုဝင်ဘာ ၁၁ ရက်နေ့မှာ ညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။

(Photo: Reuters)

"Supreme Sangha Council က ရဟန်းတွေနဲ့ ကိုရင်တွေကို ဆန္ဒပြမှုတွေမှာ ပါဝင်ခြင်းနဲ့ နိုင်ငံရေးအမြင်များ ထုတ်ဖော်ပြသခြင်း အပါအဝင် နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခြင်းမပြုရန် တားမြစ်ရန် ဆုံးဖြတ်ချက်များ ချမှတ်ထုတ်ပြန်ခဲ့ပါတယ်" လို့ အစိုးရရဲ့ National Office of Buddhism မှ ပြောခွင့်ရအမျိုးသားက ပြောပါတယ်။



ထိုင်းနိုင်ငံမှာ လူဦးရေ ၉၀ ရာခိုင်နှုန်းက ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး အစဥ်အလာအားဖြင့် ဘာသာရေးကို နိုင်ငံတော်နဲ့ ဘုရင်စနစ်နဲ့အတူ ထိုင်းလူမှုအဖွဲ့အစည်းရဲ့ အရေးပါမှုအဖြစ် ရှုမြင်မှတ်ယူထားကြပါတယ်။ လူဦးရေ ထောင်သောင်းချီ ပါဝင်ကြတဲ့ ဆန္ဒပြမှုများအတွင်း ရဟန်းသံဃာများ အများအပြား ပါဝင်ခြင်းမရှိပေမဲ့ အချို့ကတော့ ဆန္ဒပြသူတွေနဲအတူ ရပ်တည်ပါဝင်ခဲ့ကြပါတယ်။

(Photo: Reuters)

"ကိုယ်တော်ကတော့ ဆန္ဒပြမှုတွေ ဆက်လက်ပါဝင်သွားပြီး ဒါက မမှန်ဘူးဆိုတာနဲ့ ရဟန်းသံဃာအများစုရဲ့ အသံတွေကို ကိုယ်စားမပြုဘူးဆိုတာ သူတို့ကို သိစေမှာပါ" လို့ ဆန္ဒပြပွဲသုံးခုမှာ ပါဝင်ခဲ့တဲ့ သက်တော် ၂၁ နှစ်အရွယ် ရဟန်းတစ်ပါးဖြစ်တဲ့ Chistnupong Praiparee က မိန့်ခဲ့ပါတယ်။ သံဃာ့ကောင်စီချုပ် (Supreme Sangha Council) ကို ပြုပြုပြောင်းလဲရန်လည်း လိုလားတယ်လို့ Chistnupong Praiparee က ဆက်လက် မိန့်ကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ပရာယွတ် နုတ်ထွက်ရေး ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့တဲ့ လနဲ့ချီကြာပြီ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ပရာယွတ်ဟာ စစ်တပ်အကြီးအကဲအဖြစ် ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ဝန်ကြီးချုပ်ယင်လတ် အရပ်သားအစိုးရကို ဖြုတ်ချခဲ့ပါတယ်။ ထို့နောက် ထိုင်းနိုင်ငံကို ငါးနှစ်ကြာ စစ်အစိုးရတစ်ရပ်ဖြင့် အုပ်ချုပ်ခဲ့ပြီး ထိုကာလအတွင်း စစ်တပ်ကွပ်ကဲမှုအောက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲခဲ့ကာ လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့ပါတယ်။

(Photo: Reuters)

ယမန်နှစ်မှာတော့ ထိုင်းနိုင်ငံမှာ ဒီမိုကရေစီရွေးကောက်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ စစ်တပ်က ပါဝင်နေတဲ့ ပရာယွတ်ရဲ့ပါတီက အနိုင်ရရှိပြီး ၎င်းက ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ ပရာယွတ်အနိုင်ရရှိစေရန် စစ်တပ်ကွပ်ကွဲမှုဖြင့် ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေက အထောက်အကူပြုခဲ့ကြောင်း စွပ်စွဲထားကြပါတယ်။

ဇူလိုင်လအတွင်းမှာတော့ ထိုင်းနိုင်ငံတစ်ဝန်းမှ လူငယ်အုပ်စုများက ပူးပေါင်းစီစဥ်ပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို လုပ်ဆောင်လာခဲ့ကြကာ နိုင်ငံရေးတင်းမာမှု မြင့်တက်နေခဲ့ပါတယ်။ ယခုနှစ်အတွင်း ပေါ်ပေါက်နေခဲ့တဲ့ ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများဟာ ယခင်ကနဲ့မတူဘဲ ဘုရင်စနစ်ကိုပါ ပြုပြင်ပြောင်းလဲရန် တောင်းဆိုမှုတွေရှိလာခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၈ ရက် ညပိုင်းကလည်း ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက တော်ဝင်ရုံးခန်းများရှိရာသို့ စုရုံးချီတက်ခဲ့ကြပြီး ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေး ဘုရင်မဟာဗာဂျီယာလောင်းကွန်းကို တောင်းဆိုထားတဲ့ စာများပေးအပ်ရန် စုရုံးချီတက်ခဲ့ကြရာ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ရေအမြောက်များသုံးပြီး လူစုခွခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က