အများအပြား ပျောက်ဆုံးနေပြီး သေဆုံးသူဦးရေ မြင့်တက်လာနိုင်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းကို တိုင်ဖွန်းမုန်တိုင်းဗမ်ကို ယနေ့ (နိုဝင်ဘာ ၁၂ ရက်) ဝင်ရောက်တိုက်ခတ်ခဲ့ရာ အနည်းဆုံး လူ ၄၂ ဦး သေဆုံးပြီး မနီလာမြို့တော်ရဲ့ နေရာတွေမှာ အသွားအလာ ရပ်တန့်သွားခဲ့ကြောင်းနဲ့ ဒေသခံအချို့ဟာ ရေကြီးနေတာကြောင့် လှေများဖြင့် လာရောက်ကယ်ဆယ်မှုကို စောင့်ဆိုင်းနေခဲ့ရကြောင်း သိရပါတယ်။

(Photo: Reuters)

တိုင်ဖွန်းဗမ်ကို (Typhoon Vamco) ဟာ ယခုနှစ်အတွင်း ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်တဲ့ ၂၁ ခုမြောက် မုန်တိုင်းဖြစ်ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ ဖိလစ်ပိုင်ဟာ ဗမ်ကိုမတိုင်မီ နိုဝင်ဘာလအစောပိုင်းမှာ ယခုနှစ်အတွင်း ကမ္ဘာ့အားအကောင်းဆုံး မုန်တိုင်းဖြစ်ခဲ့တဲ့ တိုင်ဖွန်းဂိုနီ (Typhoon Goni) တိုက်ခတ်မှုကြောင့် လူ၂၅ ဦး သေဆုံးပြီး နေအိမ်အလုံးရေ ထောင်နဲ့ချီ ပျက်စီးခဲ့ပါတယ်။



ဖိလစ်ပိုင်မှာ COVID-19 ကူးစက်မှုလှိုင်းနဲ့ လုံးပန်းနေပြီး စီးပွားရေးထိခိုက်မှုကြုံနေရစဥ် ယခုနောက်ဆုံး မုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ မုန်တိုင်းကြောင့် ရေကြီးမှုအတွင်း မနီလာမြို့တော်အရှေ့ဘက် ဆင်ခြေဖုံးနေရာအချို့မှာ နေထိုင်ကြသူတွေဟာ ရေနစ်မြုပ်နေတဲ့ ၎င်းတို့ရဲ့ နေအိမ်ခေါင်မိုးများပေါ်မှာ တက်ရောက်နေထိုင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။ မုန်တိုင်းတိုက်ခတ်မှုအတွင်း လူ ၄၂ ဦး ဒဏ်ရာရပြီး ၂၄ ဦး ပျောက်ဆုံးနေသူကြောင်းလည်း သိရပါတယ်။

(Photo: Reuters)

"ကျွန်မတို့ရဲ့ တတိယထပ်ကို ရေတွေရောက်ဖို့ နည်းနည်းပဲလိုတော့တယ်၊ အခုထိ ကယ်ဆယ်ရေးသမားတွေ မတွေ့ရသေးဘူး" လို့ Pasig မြို့မှ Carla Mhaye Suico က DZBB ရေဒီယိုသတင်းဌာနကို ပြောပါတယ်။ သူမရဲ့ နေအိမ်ခေါင်မိုးပေါ်မှာ မိသားစုဝင် ၁၅ ဦးနဲ့ အိမ်နီးနားချင်းတွေ ရောက်ရှိနေခဲ့ကြတယ်လို့ ဆိုပါတယ်။

ကျွန်မတို့ရဲ့ တတိယထပ်ကို ရေတွေရောက်ဖို့ နည်းနည်းပဲလိုတော့တယ်၊ အခုထိ ကယ်ဆယ်ရေးသမားတွေ မတွေ့ရသေးဘူး

Marikina မြို့မှ Arlyn Rodriguez က သူမနဲ့အတူ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အို အများစုအပါအဝင် အခြား လူ ၂၀ ဟာ ရေများ လျင်မြန်စွာတက်လာပြီးနောက် ကယ်ဆယ်ခံရရန် စောင့်ဆိုင်းနေခဲ့ကြတယ်လို့ DZMM ရေဒီယိုကို ပြောခဲ့ပါတယ်။ Marikina မြို့တော်ဝန်ရဲ့ Marcelino Teodoro ရဲ့ အဆိုအရ နေအိမ် ၄၀,၀၀၀ ဟာ လုံးဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ရေနစ်မြုပ်နေခဲ့ကြောင်း သိရပါတယ်။

မနီလာမြို့တော်ရဲ့ နေရာတွေမှာလည်း လူတွေဟာ တန်ဖိုးကြီးအရာများနဲ့ အိမ်မွေးတိရိစ္ဆာန်များကို သယ်ဆောင်ပြီး ခါးအထိနက်တဲ့ ရေတွေထဲမှာ ခက်ခက်ခဲခဲ ဖြတ်သန်းသွားလာနေကြရပါတယ်။ ကယ်ဆယ်ရေးသမားတွေက ရေကြီးနေတဲ့ နေရာများရှိ မြို့ခံတွေကို လှေများဖြင့် လှည့်လည်ကယ်ဆယ်ခဲ့ပါတယ်။

မုန်တိုင်းကြောင့် မနီလာမြို့တော်မှာ လေယာဥ်ခရီးစဥ်များ ဆိုင်းငံ့ထားပြီး ကမ်းခြေစောင့်တပ်ဖွဲ့က ဆိပ်ကမ်းလုပ်ငန်းများကို ရပ်ဆိုင်းထားပါတယ်။ အစိုးရလုပ်ငန်းတွေကိုလည်း ဆိုင်းငံ့ထားခဲ့ပြီး ငွေဈေးကွက်ပိတ်ထားကြောင်းလည်း သိရပါတယ်။ တိုင်ဖွန်းဗမ်ကိုဟာ ယခုအခါ အားလျော့နည်းသွားပြီဖြစ်ပြီး လေတိုက်နှုန်း တစ်နာရီလျှင် ၈၁ မိုင်ဖြင့် လူဇွန်ကျွန်းမကြီးတစ်လျှောက် ဖြတ်သန်းတိုက်ခတ်နေတယ်လို့ ဆိုပါတယ်။

(Photo: AFP)

ဖိလစ်ပိုင်လူဦးရေ ၁၀၈ သန်းရဲ့ ထက်ဝက်ဟာ လူဇွန်းကျွန်းမကြီးမှာ နေထိုင်ကြတာလည်း ဖြစ်ပါတယ်။ ဗမ်ကိုဟာ ဖိလစ်ပိုင်ကနေ ဗီယက်နမ်နိုင်ငံသို့ ဆက်လက် ဦးတည်မယ်လို့ ခန့်မှန်းထားပါတယ်။ ဗီယက်နမ်မှာလည်း ယခုနှစ်အတွင်း ရေကြီးမြေပြိုမှုတွေကြောင့် လူသေဆုံးများ ဖြစ်ပေါ်ခဲ့ပါတယ်။ ဗီယက်နမ်အလယ်ပိုင်း ဒေသတွေမှာ ရေကြီးမှုတွေနဲ့ ရွှံ့နွံပြိုကျမှုတွေကြောင့် လူ ၁၆၀ ထက်မနည်း သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေကြောင်းနဲ့ နေအိမ် ၃၉၀,၀၀၀ ပျက်စီးခဲ့ကြောင်း သိရပါတယ်။ 

ကျွန်းပေါင်း ၇,၆၀၀ ကျော်နဲ့ ဖွဲ့စည်းတည်ရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံကို နှစ်စဥ် မုန်တိုင်းအရေအတွက် ၂၀ ဝန်းကျင် ဝင်ရောက်တိုက်ခတ်လေ့ရှိပါတယ်။ တိုင်ဖွန်းဂိုနီ မတိုင်ခင် အောက်တိုဘာလကုန်ပိုင်းကလည်း ဖိလစ်ပိုင်ကို တိုင်ဖွန်း Molave ဖြတ်သန်းတိုက်ခတ်ခဲ့ရာ မနီလာမြို့တော်တောင်ပိုင်းရှိ နေရာများတစ်လျှောက်မှ အများစုအပါအဝင် လူ ၂၂ ဦး သေဆုံးခဲ့ပါတယ်။

.

Share

Loading Next Article...
က္က