အများပြည်သူဆိုင်ရာ နေရာတွေမှာ ဆေးလိပ်သောက်စဥ် mask တွေကို မေးစေ့နေရာသို့ လျှောချထားကြလေ့ရှိပါတယ်။
Ko John

တူရကီနိုင်ငံမှာ လတ်တလောအတွင်း COVID-19 လူနာများ မြင့်တက်လာမှု နှေးကွေးစေရန် ရည်ရွယ်ပြီး လူစုလူဝေးရှိတဲ့ အများပြည်သူဆိုင်ရာ နေရာများမှာ ဆေးလိပ်မသောက်ရန် ယမန်နေ့ (နိုဝင်ဘာ ၁၁ ရက်) က တားမြစ်ချက်ထုတ်ပြန်လိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

(Photo: Reuters)

တူရကီအစိုးရကလည်း နိုင်ငံသားအနေနဲ့ ရောဂါကူးစက်မှုကာကွယ်ရေး စီမံဆောင်ရွက်မှုတွေကို သည်းခံလိုက်နာကြရန် သတိပေးခဲ့ပါတယ်။ တူရကီမှာ COVID-19 ကူးစက်မှုများ လတ်တလော တစ်ဟုန်ထိုး မြင့်တက်ခဲ့ပြီး ယမန်နေ့စာရင်းအရ နောက်ထပ် လူနာ ၂,၆၉၃ ဦး တိုးလာခဲ့ကြောင်း သိရပါတယ်။

တူရကီအစိုးရက COVID-19 ရောဂါလက္ခဏာပြသူတွေကိုသာ ကူးစက်ခံရသူအဖြစ် သတ်မှတ်ဖော်ပြခြင်းဖြစ်ရာ နိုင်ငံမှာ အမှန်တစ်ကယ် ကူးစက်ဖြစ်ပွားမှု အခြေအနေကို ဖုံးကွယ်မှုဖြစ်ကြောင်း ဝေဖန်သူတွေက ပြောထားခဲ့ပါတယ်။ ယနေ့ တစ်နိုင်ငံလုံးအတိုင်းအတာ ထုတ်ပြန်လိုက်တဲ့ ဆေးလိပ်သောက်မှုတားမြစ်ချက်ဟာ နိုင်ငံသားတွေအနေနဲ့ အများပြည်သူဆိုင်ရာ နေရာတွေမှာ mask တပ်ထားရမယ့်စည်းမျဥ်းကို လိုက်နာစေရန် ဖြစ်တယ်လို့ ဆိုပါတယ်။

(Photo: Orhan Çiçek/Anadolu Agency)

တူရကီအများအပြားက အများပြည်သူဆိုင်ရာ နေရာတွေမှာ ဆေးလိပ်သောက်စဥ် mask တွေကို မေးစေ့နေရာသို့ လျှောချထားကြလေ့ရှိတာကြောင်းလည်း ယခုကဲ့သို့ ဆေးလိပ်မသောက်ရ တားမြစ်ချက်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ "အများပြည်သူဆိုင်ရာ နေရာတွေမှာ mask ကို အချိန်ပြည့် မှန်မှန်ကန်ကန် တပ်ဆင်ထားတာ သေချာစေဖို့ ဒီလိုထုတ်ပြန်တာဖြစ်ပါတယ်၊ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့မှစပြီး လမ်းမတွေနဲ့ အများပြည်သူတွေရှိနေကြတဲ့ နေရာတွေ၊ အများပြည်သူဆိုင်ရာ ရင်ပြင်နဲ့ သယ်ယူပို့ဆောင်ရေးစနစ် ရပ်နားနေရာတွေမှာ ဆေးလိပ်သောက်ခြင်းကို တားမြစ်ပိတ်ပင်လိုက်ပါတယ်" လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

(တူရကီကျန်းမာရေးဝန်ကြီး Fahrettin Koca) (Photo: Reuters)

အစောပိုင်းမှာ တူရကီကျန်းမာရေးဝန်ကြီး Fahrettin Koca က ပြည်သူတွေအနေနဲ့ mask အပြည့်တပ်ထားကြရန်နဲ့ ခပ်ခွာခွာနေရမယ့် စည်းမျဥ်းများကို လိုက်နာကြရန် တိုက်တွန်းခဲ့ပါတယ်။ "ကျွန်တော်က ခင်ဗျားတို့ လုပ်နိုင်တာကိုပဲ ပြောနေတာပါ၊ အဲဒီထက်မပိုပါဘူး" လို့ Koca က Twitter မှာ ရေးသားထားခဲ့ပါတယ်။

COVID-19 ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် ယခုသီတင်းပတ်အစောပိုင်းက တူရကီရဲ့ ပြည်နယ်အချို့မှာ အသက်ကြီးသူတွေကို နေအိမ်ပြင်ပမထွက်ရန် တားမြစ်ချက်ထုတ်ခဲ့ပါတယ်။ တူရကီအစိုးရက မြို့တော်အန်ကာရာနဲ့ အကြီးမားဆုံးမြို့ဖြစ်တဲ့ အစ္စတန်ဘူလ်အပါအဝင် နေရာဒေသတွေမှာ အသက် ၆၅ နှစ်အထက် ပြည်သူတွေကို မနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း အပြင်မထွက်ရန် တားမြစ်ထားခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

ဒါ့အပြင် COVID-19 တိုက်ဖျက်ရေး စီမံဆောင်ရွက်ချက်အရ စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များ၊ ရေကူးကန်များနဲ့ ရုပ်ရှင်ရုံများ အပါအဝင် စီးပွားရေးလုပ်ငန်းများအားလုံးကို နေ့စဥ် ည ၁၀ နာရီမှာပိတ်ရန် သမ္မတအာဒိုဂန်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ညွှန်ကြားချက်ထုတ်ခဲ့ပါတယ်။ တူရကီမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၄၀၀,၀၀၀ ကျော်ရှိပြီး ၁၁,၁၄၅ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အချက်အလက်တွေအရ သိရှိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က