ဆောင်းရာသီကာလအတွင်း ပြည်တွင်းကူးစက်မှု မြင့်တက်တဲ့အန္တရာယ်ကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
Ko John

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ပျံ့နှံ့မှုများ အရှိန်မြင့်တက်နေစဥ် တရုတ်နိုင်ငံဟာ ပြည်ပကူးစက်မှုတွေကြောင့် ဆောင်းရာသီကာလအတွင်း ပြည်တွင်းကူးစက်မှု မြင့်တက်တဲ့အန္တရာယ်ကို ရင်ဆိုင်နေရကြောင်း ကျန်းမာရေးအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ (နိုဝင်ဘာ ၁၂ ရက်) ပြောပါတယ်။

(Photo: Bloomberg)

ဆောင်းရာသီအတွင်း တရုတ်နိုင်ငံရှိ နေရာအချို့မှာ ကူးစက်မှုတွေ ပြတ်တောင်းပြတ်တောင်း တွေ့ရနိုင်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင် (National Health Comission) ရဲ့ ဒုတိယဝန်ကြီးလီဘင်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။

အိန္ဒိယ၊ ဘရာဇီးနဲ့ ပြင်သစ်ကဲ့သို့ နိုင်ငံတွေမှာ နေ့စဥ် ကူးစက်မှုအသစ်များ ထောင်သောင်းချီ တွေ့နေရဆဲဖြစ်ပါတယ်။ နှိုင်းယှဥ်ကြည့်ပါက COVID-19 စတင်တွေ့ခဲ့ရတဲ့ တရုတ်နိုင်ငံဟာ ကူးစက်ပျံ့နှံ့မှုကို နွေရာသီအစောပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ နေရာဒေသအချို့မှာ ပြည်တွင်းကူးစက်မှုများ ပြန်တွေ့လာရပေမဲ့ အခြား နိုင်ငံတွေနဲ့ နှိုင်းယှဥ်ကြည့်ပါက လက်ရှိအချိန်အထိ ကူးစက်ပျံ့နှံ့မှုကို ကောင်းစွာထိန်းချုပ်ထားနိုင်တာ တွေ့ရပါတယ်။

(Photo: Reuters)

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြည်ပမှတင်သွင်းတဲ့ အစားအစာနဲ့ ဆက်နွယ်နေတဲ့ လက်တစ်ဆုပ်စာ ပြည်တွင်းကူးစက်မှုအချို့ကို တရုတ်နိုင်ငံမြောက်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ တီယန်ဂျင်းမြို့မှာ တွေ့ခဲ့ရပါတယ်။ ထိုအတောအတွင်း COVID-19 လူနာတွေနဲ့ တိုက်ရိုက်ထိတွေ့မှုမရှိခဲ့ပေမဲ့ ရှန်ဟိုင်းမြို့ရှိ လေဆိပ်ဝန်ထမ်းတစ်ဦးထံမှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရမှု တွေ့ခဲ့ရပါတယ်။

ပြည်ပမှရောက်ရှိလာတဲ့ ခရီးသွားများကြားမှာ ကူးစက်မှုတွေ မြင့်တက်နေကြောင်း တရုတ်အစိုးရတာဝန်ရှိသူတွေက မှတ်ချက်ပြုထားပါတယ်။ တရုတ်အစိုးရက အချို့ နိုင်ငံခြားသားတွေကို ဗီဇာထုတ်ပေးမှု ဆက်လက် ရပ်ဆိုင်းထားခဲ့ပြီး တရုတ်နိုင်ငံသား အရေးတကြီးမဟုတ်ဘဲ နိုင်ငံခြားခရီးသွားမှုတွေကို ကန့်သတ်ထားကြောင်း National Immigration Administration ရဲ့ လက်ထောက်ကော်မရှင်နာ Yin Chengji က သတင်းထောက်တွေကို ပြောပါတယ်။

(Photo: Reuters)

ထို့အတူ တရုတ်အာဏာပိုင်တွေက ပြည်ပမှတင်သွင်းတဲ့ အေးခဲအစားအစာတွေကို ပိုမိုတင်းကျပ်တဲ့ အစီအမံများ သတ်မှတ်ထားပြီး အစားအစာ နမူနာပေါင်း ၈၇၀,၀၀၀ ကျော်ကို ကျပန်းစစ်ဆေးခဲ့ကြောင်း General Administration of Customs မှ တာဝန်ရှိသူ Bi Kexin က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၈၆,၂၉၉ ဦးနဲ့ သေဆုံးသူ ၄,၆၃၄ ဦးရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က