တရုတ်အစိုးရက ပြည်ပမှတင်သွင်းလာတဲ့ အေးခဲအစားအစာတွေကို စစ်ဆေးမှုများ အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။

တရုတ်နိုင်ငံအရှေ့ပိုင်း ဂျီနန်မြို့ (Jinan) မှာ ဘရာဇီး၊ နယူးဇီလန်နဲ့ ဘိုလီးဗီးယားနိုင်ငံများမှ တင်သွင်းလာတဲ့ အမဲသား၊ အမဲအူကြမ်းနဲ့ ထိုအစားအစာ ပါကင်ထုပ်တွေပေါ်မှာ COVID-19 ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SAR-CoV-2) တွေ့ရှိရကြောင်း မြို့တာဝန်ရှိသူတွေက ပြောပါတယ်။

(Photo: Reuters)

တရုတ်အစိုးရက ပြည်ပမှတင်သွင်းလာတဲ့ အေးခဲအစားအစာတွေကို စစ်ဆေးမှုများ အရှိန်မြှင့်လုပ်ဆောင်နေခဲ့စဥ် ထိုသို့ စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အေးခဲ အမဲသားနဲ့ အမဲအူကြမ်းများ တင်သွင်းလာတဲ့ ကုမ္ပဏီတွေဟာ Guotai International Group နဲ့ Shanghai Zhongli Development Trade တို့ဖြစ်ကြောင်း ဂျီနန်မြို့ကျန်းမာရေးကော်မရှင်က ၎င်းရဲ့ ဝက်ဘ်ဆိုက်မှာ နိုဝင်ဘာ ၁၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားကြောင်း သိရပါတယ်။



အမဲသားနဲ့ အမဲအူကြမ်းများ တင်ပို့လိုက်တဲ့ ကုမ္ပဏီတွေကိုတော့ ရှန်ဒေါင်းပြည်နယ်ရှိ ဂျီနန်မြို့မှ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး။ ယခု ဗိုင်းရပ်စ်တွေ့ရတဲ့ အစားအစာထုတ်ကုန်တွေနဲ့ ထိတွေ့မှုရှိခဲ့နိုင်သူ ၇,၅၀၀ ကျော်နဲ့ အခြား ဆက်စပ်သူတွေကို စစ်ဆေးခဲ့ရာမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံထားရခြင်း မရှိဘူးလို့ ဆိုပါတယ်။

(Photo: Reuters)

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း Lanzhou မြို့မှာ ဆော်ဒီမှတင်သွင်းတဲ့ အေးခဲပုစွန် အထုပ်များပေါ်၊ ဝူဟန်မြို့မှာ ဘရာဇီးမှ အမဲသားအထုပ်များပေါ်၊ ရှန်ဒေါင်နဲ့ ကျီအန်စုပြည်နယ်တွေမှာ အာဂျင်တီးနားမှ အမဲသားအထုပ်များပေါ်မှာ တရုတ်အာဏာပိုင်တွေက ကိုရိုနာဗိုင်းရပ်စ်တွေ့ခဲ့ကြောင်း သိရပါတယ်။

တရုတ်ဟာ ကမ္ဘာ့နိုင်ငံတွေအနက် အမဲသားဝယ်ယူမှု အများဆုံးဖြစ်ပြီး ဘရာဇီးနဲ့ အာဂျင်တီးနားတို့က အဓိက တင်ပို့နေပါတယ်။ Henan ပြည်နယ်ရဲ့မြို့တော် Zhengzhou မြို့မှာလည်း အာဂျင်တီးနားမှ တင်သွင်းလာတဲ့ အေးခဲဝက်သားအထုပ်တွေပေါ်မှာ သောကြာနေ့ (နိုဝင်ဘာ ၁၃ ရက်) က ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိရကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက WeChat မှာ နိုဝင်ဘာ ၁၄ ရက်နှောင်းပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

(Photo: China Briefing)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ကတော့ အေးခဲအစားအစာတွေကနေ COVID-19 ကူးစက်မှုအန္တရာယ် နည်းပါးကြောင်း ပြောထားပေမဲ့ ပြည်ပမှတင်သွင်းလာတဲ့ အစားအစာထုတ်ကုန်တွေပေါ်မှာ ဗိုင်းရပ်စ်တွေ့ရကြောင်း တရုတ်အစိုးရက ထပ်တလဲလဲ ပြောဆိုမှုတွေရှိနေခဲ့ပြီး ပြည်ပမှတင်သွင်းမှုကိုတွေကို တားမြစ်ပိတ်ပင်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

COVID-19 ကို ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရပေမဲ့ ယခုအခါ တရုတ်ပြည်မကြီးအတွင်း ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး အခြား နိုင်ငံတွေနဲ့ နှိုင်းယှဥ်ပါက ကူးစက်မှုအသစ် တွေ့ရှိရမှု နည်းပါးခဲ့ပါတယ်။ လက်ရှိအချိန်အထိ တရုတ်မှာ ကူးစက်ခံရသူ ၈၆,၃၄၆ ဦး၊ သေဆုံးသူ ၄,၆၃၄ ဦးနဲ့ ပြန်လည်သက်သာသူ ၈၁,၃၃၈ ဦးရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က