ဖိလစ်ပိုင်မှာ ဖြတ်သန်းတိုက်ခတ်ခဲ့စဥ် ဗမ်ကိုရဲ့ လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၉၆ မိုင်အထိ အားကောင်းခဲ့ပါတယ်။
Ko John

ဗီယက်နမ်နိုင်ငံကို အားကောင်းတဲ့ မုန်တိုင်းဗမ်ကို ဝင်ရောက်တိုက်ခတ်ခဲ့ရာ အဆောက်အအုံများ ပျက်စီးခဲ့ပြီး အနည်းဆုံး လူငါးဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

(ဗီယက်နမ်ငါးဖမ်းစက်လှေတစ်စီး) (Photo: Reuters)

ဗမ်ကိုဟာ ဗီယက်နမ်ကို ယမန်နေ့ (နိုဝင်ဘာ ၁၅ ရက်) မနက်ပိုင်းမှာ လေတိုက်နှုန်း တစ်နာရီလျှင် ၅၆ မိုင်ဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ရာ သစ်ပင်များ အမြစ်မှကျွတ်ထွက် လဲကျခြင်းနဲ့ နေအိမ်နဲ့ စာသင်ကျောင်း ခေါင်မိုးများ လွင့်ထွက်သွားခြင်း ဖြစ်ပေါ်ခဲ့ပါတယ်။

မုန်တိုင်းဗမ်ကို (Vamco) ဟာ ဗီယက်နမ်ကို မဝင်ရောက်မီ ဖိလစ်ပိုင်နိုင်ငံမှာ ဖြတ်သန်းတိုက်ခတ်ခဲ့ပြီး လက်ရှိအချိန် သေဆုံးသူ ၆၇ ဦးရှိလာကြောင်း သိရပါတယ်။ မ်ကိုဟာ ယခုနှစ်အတွင်း ဖိလစ်ပိုင် ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းတွေအနက် လူသေဆုံးမှုအများဆုံးလည်း ဖြစ်ခဲ့ပါတယ်။

(ဗီယက်နမ်ရေကြီးမှု မြင်ကွင်းတစ်ခု) (Photo: Reuters)

ဖိလစ်ပိုင်မှာ ဖြတ်သန်းတိုက်ခတ်ခဲ့စဥ် ဗမ်ကိုရဲ့ လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၉၆ မိုင်အထိ အားကောင်းပြင်းထန်ခဲ့ပြီးနောက် အားလျော့သွားခဲ့ကာ ဗီယက်ကို ဆက်လက် ဝင်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဗီယက်နမ်မှာ ပြီးခဲ့တဲ့ သီတင်းခြောက်ပတ်အတွင်း မုန်တိုင်းများ ဆက်တိုက်ဝင်ရောက်ကာ ရာသီဥတုဆိုးရွားပြီး ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၁၆၀ ထက်မနည်း သေဆုံးခဲ့ပြီး အခြား ၇၀ ကျော် ပျောက်ဆုံးနေပါတယ်။

ယခုနောက်ဆုံး မုန်တိုင်းဗမ်ကို ဝင်ရောက်တိုက်ခတ်မှုအတွင်း လူငါးဦးဟာ ၎င်းတို့ရဲ့နေအိမ် အပျက်အစီးမဖြစ်စေရန် လုပ်ဆောင်နေစဥ် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ကနဦး သတင်းထုတ်ပြန်ရာမှာ ပြောထားပါတယ်။ မုန်တိုင်းကြောင့် ကမ္ဘာလှည့်ခရီးသွားများ အဓိက လာရောက်လေ့ရှိကြတဲ့ ယူနက်စကို ကမ္ဘာ့ရှေးဟောင်းအမွေအနစ်စာရင်းဝင် ဟွာအင်း (Hoi An) ရှိ ပင်လယ်ကို မျက်နှာမူထားတဲ့ စားသောက်ဆိုင်တွေ ပျက်စီးသွားခဲ့တဲ့ သတင်းဓာတ်ပုံများ တွေ့ရပါတယ်။

(ဖိလစ်ပိုင်မှာ ရေကြီးနေမှု) (Photo: AFP)

ဗီယက်နမ်အာဏာပိုင်တွေက မုန်တိုင်းမဝင်မီ ကမ်းရိုးတန်းပြည်နယ်များရှိ လူဦးရေ ၆၅၀,၀၀၀ နီးပါးကို ကုန်းမြင့်နေရာများသို့ ရွှေ့ပြောင်းထားခဲ့ပေမဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုအန္တရယ်ရှိနိုင်ကြောင်း ယမန်နေ့မှာ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ဗီယက်နမ်မှာ လတ်တလော သီတင်းပတ်များအတွင်း မိုးသည်းထန်ပြီး‌ ရေကြီးမြေပြိုမှုတွေကြောင့် နေအိမ် ၃၉၀,၀၀၀ မှ ၄၀၀,၀၀၀ ကျော်နဲ့ လမ်းများ၊ တံတားများ ပျက်စီးခဲ့ပြီး အစားအစာနဲ့ ကောက်ပဲသီးနှံများလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။


Author


က္က