နိုဝင်ဘာ ၁၇ ရက်မှာ ISS သို့ ဆိုက်ရောက်မယ်လို့ ဆိုပါတယ်။
Ko John

အမေရိကန်မှ အာကာသယာဥ်မှူးသုံးဦးနဲ့ ဂျပန်မှ အာကာသယာဥ်မှူးတစ်ဦးတို့ ပါဝင်တဲ့အဖွဲ့က နိုင်ငံတကာအာကာသစခန်း (International Space Station - ISS) သို့ အာကာသခရီးစဥ် ထွက်ခွာသွားခဲ့ကြကြောင်း သိရပါတယ်။

(Photo: AP)

အာကာသယာဥ်မှူးအဖွဲ့ကို ပုဂ္ဂလိက အာကာသနည်းပညာဆိုင်ရာကုမ္ပဏီ SpaceX ရဲ့ Falcon ဒုံးပျံနဲ့ Dragon အာကာသယာဥ်အခန်းတို့ဖြင့် ပို့ဆောင်ပေးခဲ့ပါတယ်။ ယခုခရီးစဥ်ဟာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက စီစဥ်ပို့ဆောင်ပေးတဲ့ ဒုတိယမြောက် အာကာသခရီးစဥ်လည်း ဖြစ်လာပါတယ်။

အနိမ့်ပိုင်း ကမ္ဘာပတ်လမ်းကြောင်းသို့ သွားရောက်ကြတဲ့ အာကာသခရီးစဥ်တွေကို ပုဂ္ဂလိက စီးပွားဖြစ်ကုမ္ပဏီတွေက ဝန်ဆောင်မှုပေးတဲ့ ခေတ်သစ်တစ်ခုကို ဝင်ရောက်နေပြီလို့ အမေရိကန်အာကာသအေဂျင်စီ NASA က ပြောပါတယ်။ SpaceX ကုမ္ပဏီကို ၂၀၀၂ ခုနှစ်မှာ စီးပွားရေးလုပ်ငန်းရှင် အီလွန်မတ်စ်က တည်ထောင်ခဲ့ပြီး အာကာသ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်လျှော့ချပြီး အင်္ဂါဂြိုဟ်သို့ နယ်ပယ်ချဲ့နိုင်ရန် ရည်ရွယ်ခဲ့တယ်လို့ ဆိုပါတယ်။

(Photo: AP)

အာကာသယာဥ်မှူးလေးဦးကို အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ ကနေဒီအာကာသစခန်း (Kennedy Space Center) ကနေ ဒေသစံတော်ချိန် ယမန်နေ့ (နိုဝင်ဘာ ၁၅ ရက်) ည ၇ နာရီ ၂၇ မိနစ်မှာ SpaceX အစီအစဥ်ဖြင့် အာကာသထဲသို့ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။ ယခုခရီးစဥ်ဟာ တစ်ရက်ကျော်မျှကြာမြင့်မှာဖြစ်ပြီး အင်္ဂါနေ့ (နိုဝင်ဘာ ၁၇ ရက်) မှာ ISS သို့ ဆိုက်ရောက်မယ်လို့ ဆိုပါတယ်။

ISS သို့ ထွက်ခွာသွားကြတဲ့ အာကာသယာဥ်မှူးများမှာ အမေရိကန်မှာ မိုက်ကယ်ဟော့ပ်ကင်းစ် (Michael Hopkins)၊ ဗစ်တာဂလိုဗာ (Victor Glover)၊ ရှန်နွန်ဝေါ်ကာ (Shannon Walker) နဲ့ ဂျပန်အာကာသအေဂျင်စီမှ အတွေ့အကြု့ရင့် အာကာသယာဥ်မှူး ဆိုချီနိုဂူချီ (Soichi Noguchi) တို့ ဖြစ်ပါတယ်။

ဂျပန်အာကာသယာဥ်မှူး နိုဂူချီဟာ ယခုခရီးစဥ်မှာ လိုက်ပါခဲ့ခြင်းဖြင့် ကမ္ဘာမြေပြင်ကနေ အာကာထဲသို့ မတူညီတဲ့ အာကာသယဥ်သုံးမျိုးဖြင့် သွားရောက်ခဲ့ဖူးတဲ့ တတိယမြောက်ပုဂ္ဂိုလ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ယခု အာကာသယာဥ်မှူးအဖွဲ့ဟာ ISS မှာရှိနေကြတဲ့ NASA မှ ကိတ်ရူဘင်စ် (Kate Rubins) နဲ့ ရုရှားအာကာသအေဂျင်စီမှ Sergey Ryzhikov နဲ့ Sergey Kud-Sverchkov တို့နဲ့ ပူးပေါင်းပြီး ကမ္ဘာမြေပြင်အထက် ၂၅၅ မိုင်ခန့်မှာရှိတဲ့ ISS မှာ စုစုပေါင်း လူခုနစ်ဦးရှိလာမှာဖြစ်ကာ လေ့လာမှုတွေ တိုးမြှင့်လုပ်ဆောင်လာနိုင်မယ်လို့ ဆိုပါတယ်။ 

.


Author


က္က