တိုက်ခန်းဟောင်းများ၊ ဈေးဆိုင်များနဲ့ စီးပွားရေးလုပ်ငန်းများဖြင့် စည်ကားရှုပ်ထွေးတဲ့အရပ်မှာ မီးလောင်မှုဖြစ်ခဲ့ပါတယ်။

ဟောင်ကောင်ရဲ့ လူနေထူထပ်တဲ့ အရပ်ဒေသတစ်ခုရှိ တိုက်ခန်းတွဲတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုအတွင်း လူခုနစ်ဦးထက်မနည်း သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

(Photo: AP)

ယမန်နေ့ (နိုဝင်ဘာ ၁၅ ရက်) ညပိုင်းက Kowloon ဧရိယာရှိ တိုက်ခန်းဟောင်းများ၊ ဈေးဆိုင်များနဲ့ စီးပွားရေးလုပ်ငန်းများဖြင့် စည်ကားရှုပ်ထွေးတဲ့ Yau Ma Tei အရပ်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ မီးလောင်မှုဟာ လူနေတိုက်ခန်းတွဲ အဆောက်အအုံမှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကနေ စတင်ခဲ့တယ်လို့ မီးသတ်တာဝန်ရှိသူတွေက ယနေ့ (နိုဝင်ဘာ ၁၆ ရက်) မနက်အစောပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။



မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘူးလို့ ၎င်းတို့က ဆိုပါတယ်။ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ အဆောက်အအုံမှာ မီးငြှိမ်းသတ်ရန် ရေဖြန်းစနစ်မပါရှိဘဲ မီးဖိုချောင်အနောက်ဘက်မှာ လူတွေ ပိတ်မိနေခဲ့ကြတယ်လို့ မီးသတ်တပ်ဖွဲ့အရာရှိ Cheung Kwong-yuen က ပြောပါတယ်။

(Photo: SCMP)

ဒေသခံမီဒီယာက ဖော်ပြမှုအရ စားသောက်ဆိုင်မှာ မီးလောင်မှုစတင်ဖြစ်ပွားစဥ်က ဒီပါဝါလီ အထိမ်းအမှတ်ပွဲနဲ့ မွေးနေ့ပွဲတစ်ခု ကျင်းပပြုလုပ်နေခဲ့ကြောင်း သိရပါတယ်။ ဖယောင်းတိုင်မီးက အသံလုံစေရန် တပ်ဆင်ထားတဲ့ပစ္စည်းတွေကို ကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ဒေသခံမီဒီယာက ဆိုပါတယ်။

မီးလောင်မှုအတွင်း အသက် ၉ နှစ်မှ ၄၀ နှစ်ကြားအရွယ်ရှိ လူခုနစ်ဦး သေဆုံးခဲ့ကြောင်းနဲ့ ယခုဖြစ်ရပ်ဟာ ၂၀၁၁ ခုနှစ်အတွင်း လူကိုးဦး သေဆုံးခဲ့တဲ့ မီးလောင်မှုနောက်ပိုင်း ဟောင်ကောင်မှာ လူသေဆုံးမှုအများဆုံး မီးလောင်မှုဖြစ်ကြောင်း SCMP (South China Morning Post) သတင်းစာက ဖော်ပြပါတယ်။

(Photo: AP)

ဟောင်ကောင်အခြေစိုက် TVB သတင်းက ထုတ်လွှင့်မှုအရ လူနာထမ်းစင်ပေါ်မှာနဲ့ အရေးပေါ်ကားတွေပေါ်မှာ လူတွေတင်ထားခဲ့တာ တွေ့ရပါတယ်။ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က မီးလောင်မှုအတွင်း သေဆုံးဒဏ်ရာရသူတွေအတွက် အလွန်ဝမ်းနည်းကြောင်း ယမန်နေ့ည သန်းခေါင်ကျော်အချိန်မှာ ထုတ်ပြန်ခဲ့ပြီး မီးလောင်မှုဖြစ်ပွားတဲ့ နေရာသို့ ယနေ့မနက်ပိုင်းမှာ လာရောက်ကြည့်ရှုခဲ့ပါတယ်။ ယခုဖြစ်ရပ်ဟာ ဟောင်ကောင်ရှိ အဆောက်အအုံဟောင်းတွေမှာ မီးဘေးအန္တရာယ်ကင်းရေးကိစ္စကို ဂရုပြုဖြေရှင်းရန်လိုကြောင်း ထင်ရှားစေခဲ့ပါတယ်။

(Photo: AP)

ဟောင်ကောင်ရှိ အဆောက်အအုံဟောင်းတွေမှာ သင့်တော်တဲ့ မီးဘေးအန္တရာယ်ကင်းရေးစနစ်များ စီမံဆောင်ရွက်ထားခြင်း မရှိဘူးလို့ ဆိုပါတယ်။ ကမ္ဘာ့လူနေအထူထပ်ဆုံး မြို့တွေထဲမှာပါဝင်တဲ့ ဟောင်ကောင်မှာ လူသေဆုံးမှုရှိတဲ့ မီးလောင်မှုများ ပုံမှန်ဖြစ်ပွားခဲ့ပေမဲ့ လတ်တလော နှစ်များအတွင်းမှာတော့ အစိုးရက တင်းကျပ်တဲ့ မီးဘေးအန္တရာယ်ကင်းရေး စီမံဆောင်ရွက်ချက်များ အကောင်အထည်ဖော်ခဲ့ရာ မီးလောင်မှုဖြစ်ရပ်များ လျော့နည်းသွားခဲ့ကြောင်း သိရပါတယ်။

.


ဆက်စပ်အကြောင်းအရာများ



က္က