၁၁ လအတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ ၅၅ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။
Ko John

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ နိုဝင်ဘာ ၁၆ ရက် ညပိုင်းမှာ ၅၅ သန်းကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

(Image: Worldometers webpage screengrab)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၁၁ လအတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ ၅၅ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၁.၃၂ သန်းကျော် (၁,၃၂,၉၉၀ ဦး) သေဆုံးခဲ့ပြီး ၃၈.၃၁ သန်းကျော်ကတော့ ပြန်လည်သက်သာခဲ့ပါတယ်။

နောက်ထပ် အမေရိကန်ကာကွယ်ဆေးတစ်မျိုးက COVID-19 ကို ၉၅ ရာခိုင်နှုန်းနီးပါး ကာကွယ်ပေးနိုင်ဟုဆို

တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုဟာ နိုဝင်ဘာ ၈ ရက်နေ့မှာ သန်း ၅၀ ကျော်လွန်ခဲ့တာဖြစ်ပြီး ၉ ရက်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၅ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ကတော့ နိုဝင်ဘာ ၈ ရက်နေ့မှာ ၁,၂၅၈,၂၃၅ ဦးမှ ၉ ရက်အတွင်း ၆၉,၀၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

(Photo: AP)

Worldometers ကိန်းဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ ၅၅ သန်းကျော်အနက် ၁၅.၄ သန်းကျော်ဟာ COVID-19 လူနာအဖြစ် ကုသမှုခံယူနေရဆဲ အခြေအနေလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၁၁ သန်းကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ၂၅၂,၀၀၀ ကျော်ရှိခဲ့ပါတယ်။ အမေရိကန်မှာ ယခုလအတွင်း နေ့စဥ် ကူးစက်ခံရသူဦးရေ သိန်းဂဏန်းပမာဏအထိ တိုးလာခဲ့ပြီး အများဆုံး စံချိန်တင်မှုတွေ တွေ့ခဲ့ရပါတယ်။

ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ တောင်အာရှဒေသမှ အိန္ဒိယနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၈.၈၆ သန်းကျော်နဲ့ သေဆုံးသူဦးရေ ၁၃၀,၀၀၀ ကျော်ပြီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း ကူးစက်ခံရသူ စုစုပေါင်း ၅.၈၆ သန်းကျော်လွန်လာခဲ့ပြီးနဲ့ သေဆုံးသူ ၁၆၅,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။

(Photo: Reuters)

အမေရိကတိုက်မှာ ကူးစက်မှုများ မြင့်တက်နေဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က နိုဝင်ဘာ ၁၁ ရက်နေ့မှာ သတိပေး ပြောကြားထားပါတယ်။ ဥရောပနိုင်ငံတွေမှာလည်း ကူးစက်မှုတွေ ဆက်လက်တိုးနေဆဲဖြစ်ပြီး သက်ဆိုင်ရာ အစိုးရတွေက ပိုမိုတင်းကျပ်တဲ့ ပိတ်ပင်ကန့်သတ်ချက်များ နောက်ထပ် ထုတ်ပြန်ကာ ကူးစက်မှုထိန်းချုပ်ရေး ဆောင်ရွက်နေကြပါတယ်။

COVID-19 ကို ၉၀ ရာခိုင်နှုန်းကျော် ကာကွယ်ပေးနိုင်တဲ့ စမ်းသပ်နေဆဲ ကာကွယ်ဆေးရှိလာပြီဖြစ်

ကူးစက်မှုတွေ တစ်ဟုန်ထိုး မြင့်တက်နေတာကြောင့် ဥရောပဒေသရှိ စပိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဗြိတိန်၊ ဘယ်လ်ဂျီယံ အပါအဝင် နိုင်ငံအများအပြားမှာ လနဲ့ချီကြာမြင့်မယ့် lockdown စီမံဆောင်ရွက်မှုများ၊ အရေးပေါ်အခြေအနေများ၊ ညမထွက်ရအမိန့်များကဲ့သို့ စည်းမျဥ်းကန့်သတ်ချက်တွေ ထုတ်ပြန်ကြေညာထားပါတယ်။

(Photo: Reuters)

ကမ္ဘာလုံးအတိုင်းအတာအရ COVID-19 ကူးစက်မှုတွေဟာ နှေးကွေးလျော့သွားခြင်း မရှိသေးဘဲ သေဆုံးမှုကလည်း တရိပ်ရပ် မြင့်တက်လာနေဆဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာလည်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုများ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး သုံးနိုင်ငံအဖြစ် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မြန်မာတို့က အစဥ်လိုက်ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ဩဂုတ်လလယ်မှစပြီး ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ ဆက်တိုက်မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက နိုဝင်ဘာ ၁၆ ရက် ည ၈ နာရီအချိန်အထိ ထုတ်ပြန်မှုအရ COVID-19 အတည်ပြုလူနာ ၁,၁၆၇ ဦးနဲ့ သေဆုံးသူ ၂၂ ဦး တိုးလာခဲ့ပါတယ်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၇၀,၁၆၁ ဦး၊ သေဆုံးသူ ၁,၅၉၉ ဦး၊ ပြန်လည်သက်သာပြီး ဆေးရုံမှဆင်းခွင့်ရသူ ၅၃,၂၉၉ ဦးနဲ့ ကုသမှုခံယူနေရဆဲ လူနာ ၁၅,၂၆၃ ဦးရှိကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးမီ ရက်များအတွင်း လူစုလူဝေးဖြစ်ခဲ့တာကြောင့် ကိုဗစ်ရောဂါ ပြန့်ပွားမှုနှုန်းကလည်း တစ်ပတ် နှစ်ပတ်အတွင်း အနည်းငယ် တက်လာနိုင်မှုကို သတိပြုရမှာဖြစ်ကြောင်းနဲ့ ထိုသို့မြင့်တက်မှု ဆက်မဖြစ်စေရေး လူစုလူဝေးတွေကို ရှောင်ကြဉ်ကြရန် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၆ ရက်မှာ သတိပေးပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က