ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်အမတ်များ ဆွေးနွေးနေခဲ့ကြပါတယ်။
Ko John

ထိုင်းနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်အမတ်များ ယနေ့ (နိုဝင်ဘာ ၁၇ ရက်) ဆွေးနွေးကြစဥ် ဆန္ဒပြသူတွေက လွှတ်တော်သို့ စုရုံးချီတက် ဆန္ဒပြခဲ့ကြပြီး အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ရေအမြောက်များသုံးပြီး လူစုခွဲခဲ့ကြပါတယ်။

(ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများ) (Photo: Bangkok Post)

ဆန္ဒပြသူတွေက လွှတ်တော်သို့သွားရာလမ်းမှာ သံဆူးကြိုးအတားအဆီးတွေကို ဖြတ်တောက်ဖယ်ရှားရန် ကြိုးပမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။ ဆန္ဒပြသူတွေက ထိုင်းစစ်တပ်အစိုးရဟောင်းရဲ့ ဦးဆောင်မှုဖြင့် ရေးဆွဲထားခဲ့တဲ့ အခြေခံဥပဒေကို ပြင်ဆင်ရန် တောင်းဆိုနေကြပါတယ်။ ၎င်းတို့က စစ်တပ်အကြီးအကဲဟောင်းနဲ့ လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ရာထူးမှနုတ်ထွက်ရန်နဲ့ ဘုရင်စနစ်ရဲ့ ဩဇာလွှမ်းမိုးမှုကို ထိန်းချုပ်ကန့်သတ်ရန်လည်း လိုလားကြပါတယ်။

ရဲတပ်ဖွဲ့က လွှတ်တော်အပြင်ဘက်မှာ အတားအဆီးများ ချထားခဲ့ပြီး အစောပိုင်းမှာတော့ ဘုရင်စနစ်ထောက်ခံသူတွေကလည်း လွှတ်တော်အမတ်တွေကို အခြေခံဥပဒေ မပြင်ဆင်ရန် ဆန္ဒပြတောင်းဆိုခဲ့ကြပါသေးတယ်။ လွှတ်တော်အပြင်ဘက်မှာ ဆန္ဒပြကြတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက အော်ဟစ်ပြီး ပြေးလာခဲ့ကြရာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့ပြီး ရေအမြောက်သုံးကာ လူစုခွဲခဲ့ကြောင်း အဆိုပါနေရာရှိ CNA သတင်းထောက်တွေက မြင်တွေ့ခဲ့ကြပါတယ်။

(ဘုရင်စနစ်ထောက်ခံသူများ) (Photo: Rueters)

ထိုင်းရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို လွှတ်တော်မှ ပေ ၁၆၀ ကျော်အတွင်း ဝင်ရောက်ခြင်းမပြုရန် တားမြစ်ကြောင်း ကြေညာထားခဲ့ပြီး ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေက အနီးအနားမှာ စုရုံးနေခဲ့ကြောင်း သိရပါတယ်။ ထိုင်းလွှတ်တော်မှာ အခြေခံဥပဒေပြင်ဆင်နိုင်မယ့် ဖြစ်နိုင်ခြေတွေကို လွှတ်တော်အမတ်တွေက ဆွေးနွေးနေခဲ့ကြပါတယ်။

စစ်တပ်အစိုးရဟောင်းက ရွေးချယ်ထားခဲ့တဲ့ ဆီးနိတ်လွှတ်တော်ရဲ့ အခန်းကဏ္ဍကိုလည်း လွှတ်တော်အမတ်တွေက ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ပရာယွတ်ရဲ့ စစ်တပ်အစိုးရဟောင်းက လွှတ်တော်မှာ အများစုဖြင့် အာဏာထိန်းချုပ်ထားနိုင်ရန် အမတ်တွေကို စိတ်ကြိုက်ရွေးချယ်ထားခဲ့ကြပြီး ယမန်နှစ် ရွေးကောက်ပွဲဟာလည်း အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။

(အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ထိပ်တိုက်တွေ့စဥ်) (Photo: Bangkok Post)

၂၀၁၄ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်ပရာယွတ်ကတော့ ရွေးကောက်ပွဲဟာ တရားမျှတမှုရှိခဲ့ကြောင်း ပြောပါတယ်။ ထိုင်းနိုင်ငံမှာ အတိုက်အခံ လွှတ်တော်အမတ်တွေကလည်း စစ်တပ်အစိုးရ ဦးဆောင်ရေးဆွဲထားခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် တောင်းဆိုထားကြပါတယ်။

ထိုင်းအစိုးရဆန့်ကျင့်ရေး ဆန္ဒပြမှုတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက စတင်ပေါ်ပေါက်နေခဲ့ပြီး ဝန်ကြီးချုပ်ပရာယွတ် နုတ်ထွက်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အဓိက တောင်းဆိုခဲ့ကြရာမှ နောက်ပိုင်းမှာ နိုင်ငံရေးမှာ ဩဇာလွှမ်းမိုးမှုကြီးမားတဲ့ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးကိုပါ တောင်းဆိုလာခဲ့ကြကြောင်း သိရပါတယ်။ 

.


Author


က္က