နီကာရာဂွာမှာ ဖြတ်သန်းတိုက်ခတ်ပြီးနောက် ဟွန်ဒူးရပ်စ်နိုင်ငံကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
Ko John

နီကာရာဂွာနိုင်ငံရဲ့ ကာရေဘီယန်ကမ်းရိုးတန်းကို အားအလွန်ကောင်းတဲ့ ဟာရီကိန်းမုန်တိုင်းတစ်ခု ယမန်နေ့ (နိုဝင်ဘာ ၁၆ ရက်) က ဝင်ရောက်တိုက်ခတ်ခဲ့ရာ မိုးသည်းထန်ပြီး လေပြင်းတိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

(Photo: AP)

နီကာရာဂွာမှာ အဖျက်စွမ်းအားကြီးတဲ့ မုန်တိုင်းတစ်ခု တိုက်ခတ်ခဲ့ပြီးနောက် နှစ်ပတ်အကြာမှာ ယခု ဟာရီကိန်းက ထပ်မံ ဝင်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဟာရီကိန်း Iota ဟာ ပြင်းအားအဆင့် ၄ (Category 4) မုန်တိုင်းအဖြစ် နီကာရာဂွာနိုင်ငံ ပွာတိုကာဘီဇက်မြို့ (Puerto Cabezas) အနီး ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။

ထိုမြို့မှာ မုန်တိုင်းကြောင့် ယာယီဆေးရုံတစ်ရုံရဲ့ခေါင်မိုး လွင့်ထွက်ပျက်စီးသွားခဲ့ရာ လူနာတွေကို ရွှေ့ပြောင်းခဲ့ရပါတယ်။ မြို့ခံတွေဟာ ယာယီခိုလှုံရေးစခန်းတွေမှာ နေထိုင်ကြရပြီး အစားအစာပြတ်လပ်မှာကို စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။ ဟာရီကိန်း Iota ဟာ နီကာရာဂွာမှာ ဖြတ်သန်းတိုက်ခတ်ပြီးနောက် အားလျော့သွားခဲ့ပြီး ဟွန်ဒူးရပ်စ်နိုင်ငံကို ယနေ့ (နိုဝင်ဘာ ၁၇ ရက်) နှောင်းပိုင်းမှာ ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

(Photo: Getty Images)

ယခုအခါ Iota ဟာ ပြင်းအားအဆင့် ၂ (Category 2) မုန်တိုင်းအဖြစ် ဆက်လက် တိုက်ခတ်နေပြီး အသက်အန္တရာယ်ရှိတဲ့ မုန်တိုင်းဒီရေတက်ရောက်မှု၊ အဖျက်စွမ်းအားကြီးတဲ့ လေပြင်းတိုက်မှု၊ ရုတ်တရက် ရေကြီးမှုနဲ မြေပြိုမှုများ ဖြစ်ပေါ်နိုင်ကြောင်း အမေရိကန်ဟာရီကိန်းစင်တာ (National Hurricane Center - NHC) က ထုတ်ပြန်ထားပါတယ်။

ဟာရီကိန်း Iota ဟာ နီကာရာဂွာနိုင်ငံကို ဝင်ရောက်တိုက်ခတ်စဥ် လေတိုက်နှုန်း တစ်နာရီလျှင် ၁၄၄ မိုင်နီးပါးအထိ အားအလွန်ကောင်းခဲ့တယ်လို့ NHC က ပြောပါတယ်။ Iota ဟာ ပင်လယ်ထဲမှာရှိခဲ့စဥ် ပြင်းအားအဆင့် ၅ (Category 5) မုန်တိုင်းအဖြစ် အားအကောင်းဆုံး ဖြစ်ခဲ့သေးပေမဲ့ နီနီကာရာဂွာ ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်စဥ်မှာတော့ အားလျော့သွားခဲ့တယ်လို့ ဆိုပါတယ်။

မုန်တိုင်းကြောင့် ပွာတိုကာဘီဇက်မြို့မှာ သစ်သားအိမ်များ ပျက်စီးခြင်း၊ လမ်းမများ‌ ရေကြီးခြင်းနဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ပါတယ်။ မုန်တိုင်းတိုက်စဥ် နေအိမ်ခေါင်မိုးတွေဟာ ကတ်ထူပြားတွေကဲ့သို့ လွင့်ထွက်သွားခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။ ဟာရီကိန်း Iota ကြောင့် နီကာရာဂွာမှာ သေဆုံးဒဏ်ရာရမှု သတင်းတွေ လတ်တလော မကြားသိရသေးပါဘူး။ မုန်တိုင်းလမ်းကြောင်းတစ်လျှောက်ရှိ နေရာဒေသများမှ လူဦးရေ ၄၀,၀၀၀ ခန့်ကို ရွှေ့ပြောင်းထားခဲ့ကြောင်း နီကာရာဂွာအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

"Iota ဟာ မှတ်တမ်းတွေ စတင်ထားရှိခဲ့ချိန်နောက်ပိုင်း နီကာရာဂွာကို ဝင်ရောက်တိုက်ခတ်တဲ့ အားအကောင်းဆုံး ဟာရီကိန်းမုန်တိုင်း ဖြစ်ပါတယ်" လို့ Nicaraguan Institute of Earth Studies မှ ညွှန်ကြားရေးမှူး မာစီရိုဘာကာက ဆိုပါတယ်။ ဟာရီကိန်း Iota ဟာ နီကာရာဂွာ ကုန်းတွင်းပိုင်းတစ်လျှောက် ဖြတ်သန်းတိုက်ခတ်ပြီးနောက် ဟွန်ဒူးရပ်စ်နိုင်ငံတောင်ပိုင်းကို ဆက်လက် ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

(Photo: AP)

နီကာရာဂွာမှာ Iota မတိုင်မီ ဟာရီကိန်း Eta တိုက်ခတ်ခဲ့မှုကြောင့် အပျက်အစီးများကို ရှင်းလင်းပြင်ဆင်နေရဆဲ ဖြစ်ပါတယ်။ ဟာရီကိန်း Iota ကလည်း Eta ဝင်ရောက်ခဲ့တဲ့နေရာရဲ့ တောင်ဘက် ၁၅ မိုင်အကွာမှာ စတင်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဟာရီကိန်း Iota ဟာ နီကာရာဂွာမှာ ဖြတ်သန်းတိုက်ခတ်ပြီးနောက် ဟွန်ဒူးရပ်စ်ကို ဝင်ရောက်မှာဖြစ်ရာ တာဝန်ရှိသူတွေက မုန်တိုင်းအန္တရာယ်ရှိတဲ့ နေရာဒေသများမှ လူဦးရေ ၅၀,၀၀၀ ထက်မနည်းကို ရွှေ့ပြောင်းထားခဲ့ပါတယ်။

ဟာရီကိန်း Iota ဟာ ယခုနှစ်ရဲ့ အတ္တလန်တစ်ဟာရီကိန်းတွေအနက် အားအကောင်းဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၃၂ ခုနှစ်နောက်ပိုင်း နိုဝင်ဘာလ ဟာရီကိန်းတွေအနက် ပြင်းအားအဆင့် ၅ အထိ အားအကောင်းဆုံးဖြစ်ခဲ့တဲ့ ဒုတိယမြောက် မုန်တိုင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ယခုနှစ် အတ္တလန်တစ် ဟာရီကိန်းရာသီမှာ မုန်တိုင်းအရေအတွက် စံချိန်တင်များပြားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Getty Images)

Iota မတိုင်မီ ဟာရီကိန်း Eta တိုက်ခတ်မှုကြောင့်လည်း လူ ၂၀၀ ထက်မနည်း သေဆုံးခဲ့ပြီး ဂွာတီမာလာနိုင်ငံ အလယ်ပိုင်း Alta Verapaz နယ်မြေမှာ မုန်တိုင်းဒဏ်ကို အဆိုးဆုံး ခံစားခဲ့ရပါတယ်။ ထိုနယ်မြေအတွင်းရှိ Quejá ကျေးရွာမှာ မုန်တိုင်းကြောင့် မိုးသည်းထန်ပြီး မြေပြိုမှုများအတွင်း ဒါဇင်နဲ့ချီတဲ့ နေအိမ်များနစ်မြုပ်သွားခဲ့ကာ လူ ၁၀၀ မှ ၁၅၀ ကြား သေဆုံးနိုင်ကြောင်း သိပါတယ်။ ဟာရီကိန်း Eta ကြောင့် ဂွာတီမာလာနိုင်ငံရဲ့ အခြားနေရာတွေမှာလည်း အနည်းဆုံး လူ ၅၀ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

.


Author


က္က