ထရန့်က ရွေးကောက်ပွဲမှာ မဲလိမ်လည်မှုရှိခဲ့တယ်လို့ ၎င်းရဲ့ပြောဆိုမှုအပေါ် မဟုတ်မှန်ကြောင်း ဆန့်ကျင်ပြောခဲ့သူကို ရာထူးမှ ထုတ်ပယ်လိုက်ပါတယ်။
Ko John

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ရွေးကောက်ပွဲမှာ မဲလိမ်လည်မှုရှိခဲ့တယ်လို့ ၎င်းရဲ့ပြောဆိုမှုနဲ့ ပတ်သက်ပြီး မဟုတ်မှန်ကြောင်း ဆန့်ကျင်ပြောခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဆိုက်ဘာလုံခြုံရေး တာဝန်ရှိသူကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း Twitter မှာ ပြောထားပါတယ်။

(ထရန့်နှင့် Chris Krebs) (Photo: Reuters)

Cybersecurity and Infrastructure Security Agency (Cisa) အကြီးအကဲ Chris Krebs ကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ၎င်းရဲ့ မမှန်ကန်တဲ့ မှတ်ချက်ပြုမှုတွေကြောင့် ရာထူးမှ ထုတ်ပယ်လိုက်တယ်လို့ ထရန့်က ဆိုပါတယ်။ ထရန့်ဟာ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ကြောင်း ဝန်မခံသေးဘဲ အထောက်အထားမခိုင်လုံဘဲ မဲလိမ်လည်မှုရှိခဲ့ကြောင်း ပြောဆိုနေခဲ့ပါတယ်။

ထရန့်က ယခုနှစ် သမ္မတရွေးကောက်ပွဲမှာ ၎င်းအတွက် မဲအရေအတွက် ၂.၇ သန်း ပယ်ဖျက်ခံခဲ့ရကြောင်း အထောက်အထားမဲ့ ပြောဆိုခဲ့ပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေက ထိုသို့ မဟုတ်မှန်ကြောင်း ပယ်ချထားခဲ့ပါတယ်။ အမေရိကန်သမိုင်းမှာ ၂၀၂၀ သမ္မတရွေးကောက်ပွဲဟာ လုံခြုံမှုအရှိဆုံးဖြစ်ခဲ့ကြောင်းလည်း အမေရိကန်ပြည်ထောင်စုရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေက တုံ့ပြန်ပြောခဲ့ပါတယ်။

ထရန့်ရဲ့ မဲလိမ်လည်ကြောင်း စွပ်စွဲပြောဆိုမှုနဲ့ ပတ်သက်ပြီး အမေရိကန်ရွေးကောက်ပွဲစနစ်ကို ကာကွယ်ရန် တာဝန်ယူထားတဲ့ Department of Homeland Security နဲ့ Cybersecurity and Infrastructure Security Agency (Cisa) တို့က နိုဝင်ဘာ ၁၂ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ချက်တစ်ရပ်ဖြင့် မဲလိမ်လည်မှုမရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ထိုသို့ ထုတ်ပြန်ပြီး တစ်ပတ်အတွင်းမှာပင် ထရန့်က Cisa အကြီးအကဲ Chris Krebs က ရာထူးမှ ထုတ်ပယ်လိုက်တာလည်း ဖြစ်ပါတယ်။

Chris Krebs ဟာ သမ္မတရွေးကောက်ပွဲမှာ ထရန့် ရှုံးနိမ့်ခဲ့ပြီးနောက် ထုတ်ပယ်ခံရတဲ့ အစိုးရတာဝန်ရှိသူ နောက်ထပ်တစ်ဦးဖြစ်လာပါတယ်။ အစောပိုင်းမှာလည်း ထရန့်က ကာကွယ်ရေးဝန်ကြီး Mark Esper ကို ၎င်းအပေါ် သစ္စာခံမှုနဲ့ ပတ်သက်ပြီး သံသယရှိခဲ့တာကြောင့် ရာထူးမှ ထုတ်ပယ်ခဲ့တယ်လို့ ဆိုပါတယ်။ ဇန်နဝါရီလမှာ ထရန့် အိမ်ဖြူတော်မှ မထွက်ခွာမီ ထောက်လှမ်းရေးအဖွဲ့အစည်းတွေဖြစ်တဲ့ CIA ဒါရိုက်တာ Gina Haspel နဲ့ FBI ဒါရိုက်တာ Christopher Wray တို့လည်း ထုတ်ပယ်ခံရနိုင်ကြောင်း ခန့်မှန်းနေကြပါတယ်။

ရာထူးမှ ထုတ်ပယ်ခံရတဲ့ အခြားသူတွေကဲ့သို့ပင် Chris Krebs ဟာလည်း ၎င်းကို ထုတ်ပယ်လိုက်ကြောင်း နိုဝင်ဘာ ၁၇ ရက်နေ့က သမ္မတထရန့်ရဲ့ Twitter ကို တွေ့မြင်ချိန်မှသာ သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ယခုနှစ် သမ္မတရွေးကောက်ပွဲမှာ အစဥ်အလာအရ ရီပတ်ဘလစ်ကင်တို့ အသာရခဲ့တဲ့ ဂျော်ဂျီယာနဲ့ အာရီဇိုးနားကဲ့သို့ ပြည်နယ်တွေမှာပါ ဒီမိုကရက်တို့က အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

ထရန့်ကတော့ အဓိက ပြည်နယ်တွေမှာ ဥပဒေကြောင်းအရ အရေးဆိုမှုတွေ ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲမှာ မဲလိမ်လည်မှုတွေရှိခဲ့ကြောင်း အထောက်အထားမဲ့ စွပ်စွဲပြောဆိုနေခဲ့ပါတယ်။ သို့သော် ၎င်းရဲ့ အားထုတ်မှုတွေဟာ မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အဖွဲ့အစည်းတွေကတော့ ထရန့် ပြောဆိုနေသကဲ့သို့ မဲလိမ်လည်မှု ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့ကြောင်း အထောက်အထား မတွေ့ရဘူးလို့ ပြောထားပါတယ်။

(မဲလက်မှတ်များရေတွက်သည့်နေရာတစ်ခု) (Photo: Reuters)

နိုဝင်ဘာ ၃ ရက်နေ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်အရှုံးဆုံးဖြတ်တဲ့ ပြည်နယ်အလိုက် Electoral College မဲ ၅၃၈ မဲအနက် ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်က ၃၀၆ မဲရရှိပြီး အနိုင်ရရခဲ့ကြောင်း အမေရိကန်မီဒီယာက နိုဝင်ဘာ ၁၃ ရက်နေ့မှာ ခန့်မှန်းဖော်ပြခဲ့ပါတယ်။ ထရန့်ကတော့ Electoral College မဲ ၂၃၂ မဲရရှိခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်ရွေးကောက်ပွဲစနစ်အရ သမ္မတလောင်းနှစ်ဦးလုံးဟာ ရွေးကောက်ပွဲမှာ အဆုံးအဖြတ်ဖြစ်တဲ့ ပြည်နယ်ကိုယ်စားပြု မဲပေးရွေးချယ်ခွင့်ရ ကိုယ်စားလှယ်အဖွဲ့ (Electoral College) ရဲ့ ထောက်ခံမဲတွေရရှိရန် ယှဥ်ပြိုင်ကြရပါတယ်။ Electoral College မဲ ၂၇၀ သို့မဟုတ် ထိုထက်ပိုများတဲ့ အရေအတွက်ရရှိတဲ့ ကိုယ်စားလှယ်လောင်းက သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိတာ ဖြစ်ပါတယ်။ ယခုနောက်ဆုံး အမေရိကန်မီဒီယာက ဖော်ပြထားမှုအရ ဂျိုးဘိုင်ဒန်က Electoral College မဲ ၂၇၀ ထက် များစွာကျော်လွန်ရရှိပြီး အနိုင်ရရှိထားတာ တွေ့ရပါတယ်။


Author


က္က