ဆန္ဒပြအဓိကရုဏ်းများအတွင်း ဆန္ဒပြသူခြောက်ဦး ပစ်ခတ်ခံခဲ့ရပြီးနောက် ရဲတပ်ဖွဲ့ဌာနချုပ်ရှေ့မှာ စုရုံးဆန္ဒပြခဲ့ကြပါတယ်။
Ko John

ထိုင်းနိုင်ငံမှာ ဆန္ဒပြသူတွေက ဒုတိယမြောက်နေ့ ဆန္ဒပြမှုအဖြစ် ဘန်ကောက်မြို့လယ်ရှိ ရဲတပ်ဖွဲ့ဌာနချုပ်ကို ယနေ့ (နိုဝင်ဘာ ၁၈ ရက်) စုရုံးချီတက် ဆန္ဒပြခဲ့ကြပါတယ်။

(Photo: AFP)

ဆန္ဒပြအဓိကရုဏ်းများအတွင်း ဆန္ဒပြသူခြောက်ဦး ပစ်ခတ်ခံခဲ့ရပြီးနောက် ယနေ့မှာ ရဲတပ်ဖွဲ့ဌာနချုပ်ရှေ့မှာ စုရုံးဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ နုတ်ထွက်ရေးအပြင် ယခင်က မရှိခဲ့ဖူးတဲ့ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေး တောင်းဆိုမှုများနဲ့အတူ ဆန္ဒပြမှုများ လနဲ့ချီ ပေါ်ပေါက်နေခဲ့ပါတယ်။

ယနေ့ ဆန္ဒပြပွဲမှာ လူဦးရေ ၁၀,၀၀၀ ကျော် ပါဝင်ခဲ့ကြကြောင်း AFP သတင်းဌာနက ခန့်မှန်းခဲ့ပြီး ဆန္ဒပြသူတွေက ဘန်ကောက်မြို့လယ်ရှိ ဈေးဝယ်စင်တာများနဲ့ စီးပွားရေးလုပ်ငန်းများ အဓိကတည်ရှိရာ Ratchaprasong လမ်းဆုံနေရာမှာ စုရုံးခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက ဘုရင်စနစ်ဆန့်ကျင်ရေး ဆောင်ပုဒ်များကို နံရံတွေပေါ်မှာ ဆေးရေးခြယ်ခဲ့ကြပြီး အတားအဆီးများ အခိုင်အမာလုပ်ထားတဲ့ ရဲတပ်ဖွဲ့ဌာနချုပ်သို့ ချီတက်ခဲ့ကြပါတယ်။

(Photo: MediaCorp)

ထို့နောက် ရဲတပ်ဖွဲ့ဌာနချုပ်ရဲ့ နံရံတွေပေါ်မှာ ဆေးရောင်များဖြင့် ပက်ဖြန်းခဲ့ကြပါတယ်။ ယနေ့ ဆန္ဒပြပွဲမှာ ဆန္ဒပြသူအချို့က ကြီးမားတဲ့ လေထိုးဘဲရုပ်ကြီးတွေကို ကိုင်ဆောင်လာခဲ့ကြတာလည်း တွေ့ရပါတယ်။ ဆန္ဒပြသူအများအပြားက ဆိုင်ကယ်စီးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးကဲ့သို့ အမာစားဦးထုပ်များ၊ ရေကာလေကာမျက်မှန်များနဲ့ ဓာတ်ငွေ့ကာမျက်နှာဖုံးများ အကာအကွယ်များ တပ်ဆင်လာခဲ့ကြပါတယ်။

"ကျွန်တော်တို့ရဲ့ ပြည်သူတွေကို ကျွန်တော်တို့ ကာကွယ်သွားမှာပါ၊ ကျွန်တော်တို့ ဘယ်လို အကြမ်းဖက်မှုကိုမှ မလိုလားပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ တောင်းဆိုချက်တွေ မရအချင်း အလျှော့ပေးညှိနှိုင်းမှု ရှိမှာမဟုတ်ပါဘူး" လို့ အသက် ၂၆ နှစ်အရွယ် ဂျေးအမည်ရှိ ဆန္ဒပြသူက AFP ကို ပြောပါတယ်။

(Photo: AFP)

ထိုင်းနိုင်ငံမှာ ဇူလိုင်လကတည်းက ဝန်ကြီးချုပ်ပရာယွတ် နုတ်ထွက်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွဲရေးနဲ့ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေး ဆန္ဒပြမှုတွေ ဆက်တိုက် ပေါ်ပေါက်နေခဲ့ပါတယ်။ ယမန်နေ့ (နိုဝင်ဘာ ၁၇ ရက်) ကလည်း အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်အမတ်များ ဆွေးနွေးကြစဥ် လွှတ်တော်သို့ စုရုံးချီတက် ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ရေအမြောက်သုံးပြီး လူစုခွဲခဲ့ပါတယ်။

ယမန်နေ့မှာ ဘုရင်စနစ်ထောက်ခံသူတွေကလည်း အခြေခံဥပဒေကို မပြင်ဆင်ရန် လွှတ်တော်သို့ ချီတက်ဆန္ဒပြခဲ့ကြပါသေးတယ်။ အစိုးရဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ဘုရင်စနစ်ထောက်ခံသူတွေကြား ထိပ်တိုက်တွေ့ ခိုက်ရန်ဖြစ်ပွားခဲ့ကြတယ်လို့ ဆိုပါတယ်။ ယမန်နေ့ ဆန္ဒပြအဓိကရုဏ်းများအတွင်း လူ ၅၀ ကျော် ဒဏ်ရာရခဲ့ပြီး ၎င်းတို့အနက် ခြောက်ဦးဟာ သေနတ်ဒဏ်ရာများရခဲ့ကြကြောင်း‌ ဆေးဘက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောပါတယ
်။

(Photo: MediaCorp)

မည်သည့်အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်က သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ ဝန်ကြီးချုပ်ပရာယွတ်ကတော့ ဆန္ဒပြသူတွေကို အကြမ်းမဖက်ကြရန် တိုက်တွန်းခဲ့ပြီး နောက်ထပ် အရေးပေါ်အမိန့်ဒီကရီ ထုတ်ပြန်ရန်မရှိကြောင်း ပြောခဲ့ပါတယ်။ လက်ရှိအခြေအနေတွေအရ ထိုင်းမှာ ဆန္ဒပြသူတွေက နောက်ဆုတ်သွားမယ့် အလားအလာမရှိဘဲ ဆန္ဒပြမှုတွေ ပိုမိုဖြစ်ပွားလာမယ်လို့ ခန့်မှန်းရပါတယ်။

.


Author


က္က