ဥပဒေချိုးဖောက်တဲ့ ဆန္ဒပြသူတွေကို အရေးယူရန် ဥပဒေအားလုံး အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
Ko John

ဥပဒေချိုးဖောက်တဲ့ ဆန္ဒပြသူတွေကို အရေးယူရန် ဥပဒေအားလုံး အသုံးပြုသွားမယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ယနေ့ (နိုဝင်ဘာ ၁၉ ရက်) ပြောကြားလိုက်ပါတယ်။

(Photo: AFP)

ထိုင်းမှာ ဝန်ကြီးချုပ်နုတ်ထွက်ရေးနဲ့ ဘုရင်မဟာဗာဂျီယာလောင်းကွန်းရဲ့ ဩဇာလွှမ်းမိုးမှုကို ထိန်းချုပ်လျှော့ချရေး ဆန္ဒပြတောင်းဆိုမှုတွေက အရှိန်မြင့်တက်နေစဥ် ပရာယွတ်က ထိုသို့ ပြောခဲ့တာလည်းဖြစ်ပါတယ်။ ဝန်ကြီးချုပ်ပရာယွတ်ရဲ့ ယခုပြောကြားမှုဟာ ဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်မှုဆိုင်ရာ ဥပဒေများဖြင့် စွဲချက်တင်မှုတွေ ပြန်လည်လုပ်ဆောင်မယ်လို့ ဆိုလိုခြင်းဖြစ်နိုင်ကြောင်း တက်ကြွလှုပ်ရှားသူတွေက စိုးရိမ်ပူပန်နေကြကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

ယခုနှစ် ဆန္ဒပြမှုများအတွင်း ထိုင်းဆန္ဒပြသူတွေက ဝေဖန်ပြောဆိုခြင်း မပြုအပ်မှုအဖြစ် ကာလရှည်ကြာ တားမြစ်ထားတဲ့ ဘုရင်စနစ်ကို စိန်ခေါ်လာခဲ့ကြပြီး ပြုပြင်ပြောင်းလဲရန် တောင်းဆိုခဲ့ကြပါတယ်။ ထိုင်းဥပဒေအရ ဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်မှုအတွက် ထောင်ဒဏ် ၁၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ကြောင်း သိရပါတယ်။

(Photo: Reuters)

ယခုသီတင်းပတ်အတွင်း ဘန်ကောက်မြို့မှာ နိုဝင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက် နှစ်ရက်ဆက်တိုက် ဆန္ဒပြမှုများ ပြန်လည်တွေ့မြင်လာခဲ့ရပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ရေအမြောက်များသုံးပြီး လူစုခွဲခဲ့ပါတယ်။ နိုဝင်ဘာ ၁၇ ရက် ဆန္ဒပြမှုများအတွင်း ထိပ်တိုက်တွေ့ အဓိကရုဏ်းများ ဖြစ်ပွားခဲ့ရာ လူ ၅၀ ကျော် ဒဏ်ရာရပြီး ၎င်းတို့အနက် ခြောက်ဦးက သေနတ်ဒဏ်ရာများရခဲ့ကြောင်း သိရပါတယ်။

ထို့နောက် ယမန်နေ့ (နိုဝင်ဘာ ၁၈ ရက်) မှာ ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ဌာနချုပ်သို့ စုရုံးချီတက် ဆန္ဒပြခဲ့ကြပြီး နံရံတွေပေါ်မှာ ဆေးရောင်စုံများ ဖြန်းပက်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံမှာ ဇူလိုင်လမှစပြီး ဆန္ဒပြမှုတွေ ဆက်တိုက်ပေါ်ပေါက်နေခဲ့ရာ နိုဝင်ဘာ ၁၇ ရက်နေ့မှာ အကြမ်းဖက်မှုအဖြစ်ဆုံး ဖြစ်လာခဲ့ပါတယ်။ လတ်တလော ဆန္ဒပြမှုများအတွင်း ဆန္ဒပြသူအချို့က ဘုရင်စနစ်ကို ဆန့်ကျင်တဲ့ နံရံပန်းချီများလည်း ရေးဆွဲခဲ့ကြတယ်လို့ ဆိုပါတယ်။

(Photo: AFP)

"အခြေအနေက တိုးတက်မလာပါဘူး၊ နောက်ထပ် အကြမ်းဖက်မှုတွေ ဖြစ်ပွားလာနိုင်တဲ့အန္တရာယ်ရှိပါတယ်၊ ဒါကို အရေးယူ ကိုင်တွယ်ဆောင်ရွက်မှု မပြုရင် နိုင်ငံနဲ့ ဘုရင်စနစ်ကို ထိခိုက်စေနိုင်ပါတယ်" လို့ ဝန်ကြီးချုပ်ပရာယွတ်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ "အစိုးရအနေနဲ့ ဥပဒေချိုးဖောက်တဲ့ ဆန္ဒပြသူတွေကို အရေးယူဖို့ ပိုမိုပြင်းထန်တဲ့ ဆောင်ရွက်မှုတွေ လုပ်သွားမှာဖြစ်ပြီး ဥပဒေအားလုံး အသုံးပြုသွားပါမယ်" လို့ ပရာယွတ်က ဆိုပါတယ်။ 


Author


က္က