Remdesivir ဟာ ရောဂါပြင်းထန်တဲ့ ကိုဗစ်လူနာတွေကို ကုသရာမှာ ကနဦး အလားအလာကောင်းအချို့ ရှိခဲ့ပါတယ်။
Ko John

ဗိုင်းရပ်စ်တိုက်ဖျက်ဆေး Remdesivir ကို ရောဂါလက္ခဏ မည်သို့ပင်ဖြစ်စေ COVID-19 လူနာတွေကုသရန် အသုံးမပြုသင့်ကြောင်းနဲ့ အရေးပါတဲ့ ထိရောက်မှုမရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ယနေ့ (နိုဝင်ဘာ ၂၀ ရက်) အကြံပြု ပြောကြားပါတယ်။

(Photo: AFP)

COVID-19 ကုသရမှာ အသုံးပြုနေတဲ့ ဆေးအနည်းငယ်ထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Remdesivir ဟာ ရောဂါပြင်းထန်တဲ့ လူနာတွေကို ကုသရာမှာ ကနဦး အလားအလာကောင်းအချို့ ရှိခဲ့ပါတယ်။ သို့သော် ယခုအခါမှာတော့ နိုင်ငံတကာမှ ကျွမ်းကျင်သူများ ပါဝင်ကြတဲ့ WHO Guideline Development Group (GDG) က လတ်တလော ရရှိထားတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး Remdesivir ဟာ လူနာအခြေအနေ တိုးတက်စေကြောင်း အထောက်အထားမရှိဘူးလို့ ပြောခဲ့ပါတယ်။

အမေရိကန်၊ ဥရောပနဲ့ အခြား နိုင်ငံတွေမှာ Remdesivir ဆေးကို COVID-19 လူနာတွေကို ကုသရာမှာ အရေးပေါ်သုံးအဖြစ် ယာယီခွင့်ပြုပေးထားကြပါတယ်။ ကနဦး သုတေသနရလဒ်အရ ထိုဆေးဟာ COVID-19 လူနာအချို့မှာ ပြန်လည်သက်သာကောင်းမွန်ရန် လိုအပ်ချိန်ကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့ပြီးနောက် နိုင်ငံတွေက အရေးပေါ်သုံးအဖြစ် ခွင့်ပြုခဲ့ကြတာလည်း ဖြစ်ပါတယ်။

(Photo: Reuters)

အောက်တိုဘာလအတွင်း COVID-19 ကူးစက်ခံရတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကို ကုသရာမှာ အသုံးပြုခဲ့တဲ့ ဆေးတွေအနက် Remdesivir ပါဝင်ခဲ့ပါတယ်။ ယနေ့ ထုတ်ပြန်လိုက်တဲ့ WHO လမ်းညွှန်အကြံပြုချက်ဟာ ဆေးရုံတက်ရတဲ့ COVID-19 လူနာ ၇,၀၀၀ ကျော်အတွင်း ကျပန်းစမ်းသပ်မှုတွေကို အခြေခံထားကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

ပြင်ဆင်ထားတဲ့ COVID-19 ကုသမှုဆိုင်ရာ WHO လမ်းညွှန်အကြံပြုချက်ကို BMJ ဆေးပညာဂျာနယ်မှာ ပုံနှိပ်ဖော်ပြထားပြီး ယခုလမ်းညွှန်အကြံပြုချက်က Remdesivir ဟာ လူနာတွေအတွက် အကျိုးမရှိဘူးလို့ မဆိုလိုကြောင်းလည်း GDG မှာ ပါဝင်ကြတဲ့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။

(Photo: Gilead Sciences)

Remdesivir ကို ထုတ်လုပ်ထားတဲ့ ကယ်လီဖိုးနီးယားပြည်နယ် ဖော်စတာမြို့အခြေစိုက် ဆေးဝါးနဲ့ ဇီဝနည်းပညာကုမ္ပဏီ Gilead Sciences ကတော့ ဆေးထုတ်လုပ်မှုကို တိုးမြှင့်ခဲ့ပြီး ၂၀၂၀ ခုနှစ် တတိယသုံးလပတ်မှာ အမေရိကန်ဒေါ်လာ သန်း ၉၀၀ နီးပါးဖိုး ရောင်းချခဲ့ရတယ်လို့ ပြီးခဲ့တဲ့လအတွင်း‌ ပြောခဲ့ပါတယ်။

Remdesivir ဆေးကို မူလက အီဘိုလာ (Ebola) ရောဂါအတွက် ထုတ်လုပ်ခဲ့တာဖြစ်ပြီး စမ်းသပ်ကုသခဲ့ရာမှာ အောင်မြင်မှုအနည်းငယ်မျှသာ ရှိခဲ့ပါတယ်။ သို့သော် စမ်းသပ်လေ့လာတွေအရ Remdesivir ဟာ ဆေးရုံတက်ရတဲ့ COVID-19 လူနာများ ပြန်လည်သက်သာရန် ကြာမြင့်ချိန်ကို ပျမ်းမျှအားဖြင့် ၁၅ ရက်မှ ၁၁ ရက်သို့ လျှော့ချပေးနိုင်ကြောင်း တွေ့ရှိထားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က