ကိုဗစ်ကူးစက်ခံရပြီး ရောဂါလက္ခဏာ ပြင်းထန်နိုင်တဲ့အန္တရာယ်ရှိနေသူတွေကို ကုသရာမှာ အသုံးပြုရန် ခွင့်ပြုချက်ပေးခဲ့ပါတယ်။
Ko John

သမ္မတဒေါ်နယ်ထရန့် COVID-19 ကူးစက်ခံရစဥ်က ကုသရာမှာသုံးခဲ့တဲ့ စမ်းသပ်အဆင့် ပဋိပစ္စည်းကုထုံးဆေးကို အခြား လူနာတွေမှာလည်း အသုံးပြုရန် အမေရိကန်အစိုးရက ခွင့်ပြုချက်ပေးလိုက်ကြောင်း သိရပါတယ်။

(Photo: Reuters)

Regeneron ကုမ္ပဏီက ဖော်စပ်ထားတဲ့ COVID-19 ကုသဆေးကို ကူးစက်ခံရပြီး ရောဂါလက္ခဏာ ပြင်းထန်နိုင်တဲ့အန္တရာယ်ရှိနေသူတွေကို ကုသရာမှာ အရေးပေါ်သုံး (Emergency Use Approval - EUA) အဖြစ် စနေနေ့ (နိုဝင်ဘာ ၂၁ ရက်) က အသုံးပြုခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ Regeneron ရဲ့ ပဋိပစ္စည်းကုထုံးဆေးဟာ COVID-19 ကူးစက်ခံရကြောင်း သိရှိရပြီးနောက် စောလျင်စွာ ကုသရာမှာ အသုံးပြုလျှင် ထိရောက်မှုရှိတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

အမေရိကန်မှာ ကူးစက်မှုတွေ ဆက်လက် မြင့်တက်နေစဥ်အတွင်း Regeneron ရဲ့ ပဋိပစ္စည်းကုထုံးဆေးကို အရေးပေါ်သုံးအဖြစ် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးအာဏာပိုင်အဖွဲ့ (Food and Drug Administration - FDA) က ခွင့်ပြုချက်ပေးလိုက်တာလည်း ဖြစ်ပါတယ်။ Regeneron ဆေးရဲ့ ဘေးကင်းစိတ်ချရမှုနဲ့ ထိရောက်မှုကို လေ့လာမှုများ ပြုလုပ်နေစဥ် FDA က အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

(နိုဝင်ဘာလအစောပိုင်းမှာ FDA က ခွင့်ပြုခဲ့သည့် ကုသဆေးတစ်မျိုး) (Photo: AP)

နောက်ထပ် အမေရိကန်ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Eli Lilly က ထုတ်လုပ်ထားတဲ့ Regeneron ကဲ့သို့ အလားတူ ဆေးတစ်မျိုးကိုလည်း FDA က ယခုလအစောပိုင်းမှာ အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ပေးခဲ့ပါတယ်။ Regeneron ကုသဆေးဟာ ဓာတ်ခွဲခန်းမှာ ဖန်တီးထားတဲ့ ပဋိပစ္စည်းနှစ်မျိုး (monoclonal antibodies) ကို ပေါင်းစပ်ထားတဲ့ ဆေးဖြစ်ပြီး လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားစနစ် တုံ့ပြန်မှုပုံစံ အသွင်တူ လုပ်ဆောင်ပါတယ်။

အဆိုပါ ဓာတ်ခွဲခန်း ပဋိပစ္စည်းနှစ်မျိုးပေါင်းစပ်မှုက COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကို ခန္ဓာကိုယ်ရဲ့ ဆဲလ်များအတွင်းသို့ မဝင်ရောက်နိုင်စေရန် လုပ်ဆောင်ပေးကြောင်း သိရပါတယ်။ Regeneron က ယခုလကုန်မှာ လူနာ ၈၀,၀၀၀ ခန့်အတွက် လုံလောက်တဲ့ ဆေးအရေအတွက်ကို ထုတ်လုပ်နိုင်ရန် မျှော်လင့်ထားပြီး လာမယ့် ဇန်နဝါရီလကုန်မှာ စုစုပေါင်း လူနာ ၃၀၀,၀၀၀ အတွက် ဆေးရရှိမယ်လို့ ဆိုပါတယ်။

Regeneron ဆေးကို ဆေးရုံတက်နေရတဲ့ COVID-19 လူနာများ သို့မဟုတ် အောက်စီဂျင်ပေးရန် လိုအပ်တဲ့ COVID-19 လူနာများအတွက် ခွင့်ပြုပေးခြင်းမဟုတ်ဘဲ ကူးစက်ခံရပြီး ရောဂါလက္ခဏာ ပြင်းထန်လာနိုင်တဲ့အန္တရာယ်ရှိနေသူတွေကို စောလျင်စွာ ကုသရာမှာ အသုံးပြုရန်ဖြစ်ကြောင်း အမေရိကန်က FDA က ပြောပါတယ်။

အမေရိကန်ဟာ ကမ္ဘာ့နိုင်ငံတွေအနက် COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၂ သန်းကျော်နဲ့ သေဆုံးသူ ၂၅၅,၀၀၀ ကျော်ရှိခဲ့ပြီး လတ်တလောမှာလည်း နိုင်ငံတစ်ဝန်း ကူးစက်မှုနဲ့ ဆေးရုံတက်ရမှုတွေ သိသိသာသာ မြင့်တက်နေကြောင်း သိရပါတယ်။


Author


က္က