သမိုင်းတစ်လျှောက် ရန်သူများဖြစ်ခဲ့ကြတဲ့ အစ္စရေးနဲ့ဆော်ဒီ နှစ်နိုင်ငံခေါင်းဆောင်များ ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်လာမယ်လို့ ဆိုပါတယ်။

အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူက ဆော်ဒီအာရေဗျနိုင်ငံသို့ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆဲလ်မန်းနဲ့ တွေ့ဆုံဆွေးနွေးရန် လျှို့ဝှက်သွားရောက်ခဲ့ကြောင်း အစ္စရေးမီဒီယာက ယနေ့ (နိုဝင်ဘာ ၂၃ ရက်) ဖော်ပြပါတယ်။

(နက်တန်ယာဟူနှင့် မော့ဆက်အကြီးအကဲ) (Photo: Reuters)

လေကြောင်းပျံသန်းမှုဆိုင်ရာ အချက်အလက်တွေအရ အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူ ယခင်က အသုံးပြုခဲ့ဖူးတဲ့ ဂျက်လေယာဥ်ဟာ ဆော်ဒီနိုင်ငံ ပင်လယ်နီဆိပ်ကမ်းမြို့ Neom သို့ ပျံသန်းခဲ့ကြောင်း တွေ့ရှိရပါတယ်။ နက်တန်ယာဟူ ဆော်ဒီကို လျှို့ဝှက်သွားရောက်ခဲ့တဲ့ သတင်းကို တရားဝင် အတည်ပြုထားခြင်းမရှိပေမဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းကိုပြောခဲ့တယ်လို့ အစ္စရေးဝန်ကြီးတစ်ဦးက ဆိုပါတယ်။



ယခု တွေ့ဆုံမှုဟာ သမိုင်းတစ်လျှောက် ရန်သူများဖြစ်ခဲ့ကြတဲ့ နှစ်နိုင်ငံရဲ့ ခေါင်းဆောင်များ ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်လာမယ်လို့ သိရပါတယ်။ အမေရိကန်က ဆော်ဒီနဲ့ အစ္စရေးကို ပုံမှန်ဆက်ဆံရေး ထူထောင်ရန်လိုလားနေပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လတ်တလောမှာ အစ္စရေးနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ ဘာရိန်း၊ ဆူဒန်တို့ကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ရာမှာ ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့ပါတယ်။

(မိုက်ပွန်မ်ပီအိုနဲ့ ဆော်ဒီအိမ်ရှေ့မင်းသား ဘင်ဆဲလ်မန်း) (Photo: Reuters)

ဆော်ဒီအစိုးရက ထိုလုပ်ဆောင်မှုများကို သတိထားပြီး ကြိုဆိုခဲ့ပေမဲ့ အစ္စရေးနဲ့ ပါလက်တိုင်းတို့ကြား ငြိမ်းချမ်းရေးသဘောတူညီမှု မရမချင်း အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး ထူထောင်မှာမဟုတ်ဘူးလို့ အရိပ်အမြွက် ပြောထားခဲ့ပါတယ်။ ဝန်ကြီးချုပ်နက်တန်ယာဟူနဲ့ မော့ဆက်ထောက်လှမ်းရေးအဖွဲ့အစည်း အကြီးအကဲ ယော့ဆီကိုဟင်တို့ဟာ တနင်္ဂနွေနေ့ (နိုဝင်ဘာ ၂၂ ရက်) ညပိုင်းက ဆော်ဒီအိမ်ရှေ့မင်းသား ဘင်ဆဲလ်မန်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်မ်ပီအိုတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အမည်မဖော်ပြတဲ့ သတင်းရင်းမြစ်များကို ကိုးကားပြီး Kan နဲ့ အခြား အစ္စရေးမီဒီယာတွေက ဆိုပါတယ်။

(Image: @avischarf/Twitter)

၎င်းတို့ရဲ့ တွေ့ဆုံဆွေးနွေးမှုကို အစ္စရေးတောင်ဘက်စွန်းပိုင်းမှ မိုင် ၄၀ အကွာရှိ ဆော်ဒီမြောက်ပိုင်း ပင်လယ်နီကမ်းရိုးတန်းရှိ Neom မြို့မှာ ပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ လေကြောင်းပျံသန်းမှု စောင့်ကြည့်ဝက်ဘ်ဆိုက် FlightRadar24 ရဲ့ အချက်အလက်တွေအရ Gulfstream IV ဂျက်လေယာဥ်ဟာ တဲလ်အဗစ်မြို့ရှိ Ben Gurion အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ နိုဝင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းမှာ ထွက်ခွာသွားခဲ့ပြီး အီဂျစ်နိုင်ငံရဲ့ စီနိုင်ကျွန်းဆွယ် အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက် ပျံသန်းခဲ့ကာ ဆော်ဒီနိုင်ငံ ပင်လယ်နီကမ်းရိုးတန်းသို့ ဦးတည်ခဲ့ကြောင်း တွေ့ရပါတယ်။ လေယာဥ်ဟာ Neom မြို့မှာ ညနေ ၆ နာရီခွဲကျော်အချိန် ဆင်းသက်ခဲ့ပြီး ည ၉ နာရီ ၅၀ မိနစ်အထိ လေဆိပ်မှာရှိနေခဲ့တယ်လို့ ဆိုပါတယ်။

(သမ္မတထရန့်နှင့် ဆော်ဒီအိမ်ရှေ့မင်းသား ဘင်ဆဲလ်မန်း) (Photo: AP)

ထို့နောက် လေယာဥ်ဟာ တဲလ်အဗစ်မြို့သို့ တူညီတဲ့ လမ်းကြောင်းအတိုင်း ပြန်လည် ပျံသန်းလာခဲ့ကြောင်း FlightRadar24 ရဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။ အစ္စရေးမီဒီယာက ဖော်ပြမှုအရ အဆိုပါ ဂျက်လေယာဥ်ကို အစ္စရေး စီးပွားရေးလုပ်ငန်းရှင် Udi Angel က ပိုင်ဆိုင်တာဖြစ်ပြီး ဝန်ကြီးချုပ်နက်တန်ယာဟူက ၎င်းရဲ့ ပြည်ပခရီးစဥ်တွေမှာ ယခင်ကလည်း အသုံးပြုခဲ့ဖူးတယ်လို့ ဆိုပါတယ်။ နက်တန်ယာဟူရဲ့ ရုံးခန်းကတော့ ဆော်ဒီအိမ်ရှေ့မင်းသားနဲ့ တွေ့ဆုံခဲ့တဲ့သတင်းကို အတည်ပြုထားခြင်း မရှိပါဘူး။

ဆော်ဒီအစိုးမီဒီယာက အိမ်ရှေ့မင်းသားဘင်ဆဲလ်မန်းနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်မ်ပီအိုတို့ တွေ့ဆုံခဲ့ကြောင်း ပြောခဲ့ပေမဲ့ အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူ လာရောက်ခဲ့ကြောင်းကိုတော့ ထည့်သွင်းဖော်ပြခြင်း မရှိခဲ့ကြောင်းလည်း သိရပါတယ်။ အမေရိကန်သမ္မတထရန့်က အစ္စရေးနဲ့ ဆော်ဒီတို့ကြား ပုံမှန် သံတမန်ဆက်ဆံရေး ထူထောင်သွားကြရန် မျှော်လင့်ထားပါတယ်။ ထပ်မံသိရှိရတဲ့ သတင်းအရ ဆော်ဒီအစိုးရက အိမ်ရှေ့မင်းသား ဘင်ဆဲလ်မန်းနဲ့ အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူတို့ လျှို့ဝှက်တွေ့ဆုံခဲ့ကြောင်းသတင်းကို ငြင်းဆိုထားပါတယ်။



က္က