ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေး ဆန္ဒပြမှုများအတွင်း မှတ်ချက်ပြုခဲ့တဲ့ ဆန္ဒပြခေါင်းဆောင် ခုနစ်ဦးကို ဆင့်ခေါ်ထားပါတယ်။

ထိုင်းနိုင်ငံမှာ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေး ဆန္ဒပြမှုများအတွင်း မှတ်ချက်ပြုခဲ့မှုတွေနဲ့ ပတ်သက်ပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် ခုနစ်ဦးကို ရဲတပ်ဖွဲ့က ဆင့်ခေါ်ထားပါတယ်။

(Photo: AFP)

၎င်းတို့ဟာ ဘုရင်ကို စော်ကားတိုက်ခိုက် ပြောဆိုမှုဖြင့် စွဲချက်တင်ခံရမယ်လို့ ရဲတပ်ဖွဲ့သတင်းရင်းမြစ်နဲ့ လူ့အခွင့်အရေးအုပ်စုတစ်ခုက နိုဝင်ဘာ ၂၄ ရက်နေ့မှာ ပြောပါတယ်။ ယခုဖြစ်ရပ်က တော်ဝင်မိသားစုကို စော်ကားပြောဆိုမှုနဲ့ ပတ်သက်တဲ့ ဥပဒေများဖြင့် ၂ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် စွဲချက်တင်မှုလည်း ဖြစ်လာမယ်လို့ ဆိုပါတယ်။



ထိုဥပဒေများဖြင့် စွဲချက်တင်ခံရပါက အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ပါတယ်။ ထိုင်းနိုင်ငံမှာ ဇူလိုင်လအတွင်းမှစပြီး ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ နုတ်ထွက်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်နေခဲ့ပြီး နောက်ပိုင်းမှာတော့ ဘုရင်မဟာဗာဂျီယာလောင်ကွန်းရဲ့ ဩဇာအာဏာတွေကို ထိန်းချုပ်ကန့်သတ်ပြီး ဘုရင်စနစ် ပြုပြင်ပြောင်းလဲရန်လည်း တောင်းဆိုလာခဲ့ကြပါတယ်။

(Photo: Reuters)

ထိုင်းမှာ ဘုရင်စနစ်နဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုခြင်းကို မလုပ်အပ်တဲ့အရာအဖြစ် ကာလရှည်ကြာ တားမြစ်ထားခဲ့မှုကို ဆန္ဒပြသူတွေကို ချိုးဖောက်ဆန့်ကျင်လာခဲ့ကြတာ ဖြစ်ပါတယ်။ ယခုသတင်းကို ပြောကြားခဲ့သူက ၎င်းအနေနဲ့ မီဒီယာကို စကားပြောရန် ခွင့်ပြုချက်မရှိထားတာကြောင့် ၎င်းရဲ့အမည်ကို ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး။ ထိုသတင်းရင်းမြစ်ရဲ့ အဆိုအရ ဆန္ဒပြခေါင်းဆောင်တွေဟာ ရဲတပ်ဖွဲ့ရဲ့ ဆင့်ခေါ်မှုကို နိုဝင်ဘာ ၃၀ ရက် နောက်ဆုံး အကြောင်းပြန်ကြားရမယ်လို့ သိရပါတယ်။

(Photo: Reuters)

အဆိုပါ ဆန္ဒပြခေါင်းဆောင်တွေက စက်တင်ဘာ ၁၉ နဲ့ ၂၀ ရက် ဆန္ဒပြမှုများအတွင်း ဘုရင်စနစ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပြု ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က ဆင့်ခေါ်ခံရသူ ခုနစ်ဦးအနက် ၎င်းလည်းပါဝင်ကြောင်း Parit Chiwarak အမည်ရှိ ဆန္ဒပြခေါင်းဆောင်က Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။ အခြား ဆင့်ခေါ်ခံရသူတွေထဲမှာ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေ Arnon Nampa နဲ့ ကျောင်းသားခေါင်းဆောင် Panusaya Sithijirawattanakul တို့လည်း ပါဝင်ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။



က္က