ကမ္ဘာလုံးအတိုင်းအတာအရ ကူးစက်မှုတွေဟာ လျော့ကျသွားခြင်း မရှိသေးဘဲ တရိပ်ရပ် တိုးလာနေဆဲ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ယနေ့ (နိုဝင်ဘာ ၂၅ ရက်) မနက်အစောပိုင်းမှာ သန်း ၆၀ ကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 


(Image: Worldometers webpage screengrab)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၁၁ လနီးပါးအကြာမှာ ကမ္ဘာတစ်ဝန်း လူဦးရေ သန်း ၆၀ ကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၁.၄ သန်းကျော် (၁,၄၁၃,၆၈၇ ဦး) သေဆုံးခဲ့ပြီး ၄၁.၅ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။



COVID-19 နောက်တစ်ကြိမ် ပြန်ကူးစက်ခံရမှု အနည်းဆုံး ခြောက်လကြာ မဖြစ်နိုင်ဟု လေ့လာမှုအသစ်ကဆို

တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုဟာ နိုဝင်ဘာ ၁၆ ရက် ညပိုင်းမှာ ၅၅ သန်း ကျော်လွန်ခဲ့တာဖြစ်ပြီး ၉ ရက်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၅ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ကတော့ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ၁,၃၂၇,၉၉၀ ဦးမှ ၉ ရက်အတွင်း ၈၅,၀၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

(Photo: Reuters)

Worldometers ကိန်းဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ သန်း ၆၀ ကျော်အနက် ၁၇ သန်းကျော်ဟာ COVID-19 လူနာအဖြစ် ကုသမှုခံယူနေရဆဲ အခြေအနေလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၁၂.၉ သန်းကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ၂၆၅,၀၀၀ ကျော်ရှိခဲ့ပါတယ်။ အမေရိကန်မှာ နေ့စဥ် ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေဆဲဖြစ်ပြီး တာဝန်ရှိသူတွေက လူတွေကို အိမ်မှာနေကြရန် ပန်ကြားထားပါတယ်။

ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ တောင်အာရှဒေသမှ အိန္ဒိယနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၉.၂၂ သန်းကျော်နဲ့ သေဆုံးသူဦးရေ ၁၃၄,၀၀၀ ကျော်ပြီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း ကူးစက်ခံရသူ စုစုပေါင်း ၆.၁၂ သန်းကျော်လွန်လာခဲ့ပြီးနဲ့ သေဆုံးသူ ၁၇၀,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။

(Photo: Reuters)

အီတလီ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ အပါအဝင် ဥရောပနိုင်ငံတွေမှာလည်း ကူးစက်မှုတွေ ဆက်လက်တိုးနေဆဲ ဖြစ်ပါတယ်။ ဂျာမနီမှာတော့ လာမယ့် ခရစ်စမတ်နဲ့ နှစ်သစ်ကူးပွဲကို အများဆုံး လူဦး‌ရေ ၁၀ ဦးဖြင့် ကျင်းပခွင့်ပြုသွားရန် စီစဥ်နေပါတယ်။ ပြင်သစ်နိုင်ငံကလည်း နေ့စဥ် ကူးစက်မှုတွေ တိုးလာနေဆဲဖြစ်ပေမဲ့ လာမယ့် သီတင်းပတ်ကုန်မှစပြီး ဈေးဆိုင်နဲ့ ရုပ်ရှင်ရုံများ ပြန်ဖွင့်ခွင့်ပေးကာ lockdown စည်းမျဥ်းအချို့ကို စတင်ဖြေလျှော့ပေးသွားမှာ ဖြစ်ပါတယ်။

လူတိုင်း Mask တပ်ခြင်းဖြင့် lockdown တွေကို ရှောင်လွဲနိုင်ကြောင်း WHO ဥရောပဆိုင်ရာ အကြီးအကဲပြော

ပြင်သစ်မှာ နေ့စဥ် ကူးစက်မှုအသစ်များ ၅,၀၀၀ အောက် ဖြစ်နေပါက လာမယ့် ဒီဇင်ဘာ ၁၅ ရက်နေ့မှစပြီး lockdown ရုပ်သိမ်းသွားမယ်လို့ သိရပါတယ်။ ထိုအတောအတွင်း အင်္ဂလန်မှာလည်း ဒီဇင်ဘာ ၂ ရက်နေ့မှစပြီး ပရီးမီးယားလိဂ် ဘောလုံးပွဲတွေကို ကွင်းအတွင်း ပရိသတ် ၄,၀၀၀ ဝင်ရောက်ကြည့်ရှုခွင့်ပြုခြင်းကဲ့သို့ ဖြေလျှော့အမှုအချို့ စီစဥ်ထားကြောင်း သိရပါတယ်။ အာရှဒေသမှ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ဂျပန်တို့မှာတော့ COVID-19 ကူးစက်မှုတွေ လတ်တလော ပြန်မြင့်တက်နေခဲ့ပါတယ်။

ကမ္ဘာလုံးအတိုင်းအတာအရ COVID-19 ကူးစက်မှုတွေဟာ နှေးကွေးလျော့သွားခြင်း မရှိသေးဘဲ သေဆုံးမှုကလည်း တရိပ်ရပ် မြင့်တက်လာနေဆဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာလည်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုများ နေ့စဥ် တိုးလာနေဆဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး သုံးနိုင်ငံအဖြစ် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မြန်မာတို့က အစဥ်လိုက်ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ဩဂုတ်လလယ်မှစပြီး ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ ဆက်တိုက်မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက နိုဝင်ဘာ ၂၄ ရက် ည ၈ နာရီအချိန်အထိ ထုတ်ပြန်မှုအရ COVID-19 အတည်ပြုလူနာ ၁,၇၃၁ ဦးနဲ့ သေဆုံးသူ ၁၉ ဦး တိုးလာခဲ့ပါတယ်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၈၂,၂၃၆ ဦး၊ သေဆုံးသူ ၁,၇၈၄ ဦး၊ ပြန်လည်သက်သာပြီး ဆေးရုံမှဆင်းခွင့်ရသူ ၆၀,၉၆၅ ဦးနဲ့ ကုသမှုခံယူနေရဆဲ လူနာ ၁၉,၄၈၇ ဦးရှိကြောင်း သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က