ဘုရင်စနစ်အပေါ် ဝေဖန်ပြောဆိုခြင်းကို မလုပ်အပ်တဲ့အရာအဖြစ် ကာလရှည်ကြာ တားမြစ်ထားခဲ့မှုကို ချိုးဖောက်ဆန့်ကျင်လာခဲ့ကြပါတယ်။

ထိုင်းဆန္ဒပြသူတွေက ဘုရင်မဟာဗာဂျီယာလောင်ကွန်းကို အမေရိကန်ဒေါ်လာ ဘီလီယံ ဆယ်ဂဏန်းနဲ့ချီရှိတဲ့ တော်ဝင်ထီးနန်း ပိုင်ဆိုင်ကြွယ်ဝမှုများ ထိန်းချုပ်ထားမှု စွန့်လွှတ်ရန် တောင်းဆိုခဲ့ကြ‌ပါတယ်။

(Photo: Reuters)

ဆန္ဒပြသူတွေက ဘုရင်စနစ်ကို အဓိကထားတဲ့ ယနေ့ (နိုဝင်ဘာ ၂၅ ရက်) ဆန္ဒပြမှုအတွင်း ထိုသို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ထိုင်းမှာ ဘုရင်စနစ်နဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုခြင်းကို မလုပ်အပ်တဲ့အရာအဖြစ် ကာလရှည်ကြာ တားမြစ်ထားခဲ့မှုကို ယခုအခါ ဆန္ဒပြသူတွေက ချိုးဖောက်ဆန့်ကျင်လာခဲ့ကြပါတယ်။



ယခုနှစ်အတွင်း ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေး ဆန္ဒပြမှုများအတွင်း မှတ်ချက်ပြုခဲ့မှုတွေနဲ့ ပတ်သက်ပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် ခုနစ်ဦးကို ရဲတပ်ဖွဲ့က အစောပိုင်းမှာ ဆင့်ခေါ်ထားပါတယ်။ ၎င်းတို့ဟာ ဘုရင်ကို စော်ကားတိုက်ခိုက် ပြောဆိုမှုဖြင့် စွဲချက်တင်ခံရမယ်လို့ ရဲတပ်ဖွဲ့သတင်းရင်းမြစ်နဲ့ လူ့အခွင့်အရေးအုပ်စုတစ်ခုက နိုဝင်ဘာ ၂၄ ရက်နေ့မှာ ပြောပါတယ်။

(ထိုင်းရဲတပ်ဖွဲ့က ဆင့်ခေါ်ခံရသူအချို့) (Photo: Reuters)

ယခုဖြစ်ရပ်က တော်ဝင်မိသားစုကို စော်ကားပြောဆိုမှုနဲ့ ပတ်သက်တဲ့ ဥပဒေများဖြင့် ၂ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် စွဲချက်တင်မှုလည်း ဖြစ်လာမယ်လို့ ဆိုပါတယ်။ ယနေ့ ဆန္ဒပြမှုဟာ လူဦးရေ ထောင်နဲ့ချီ ပါဝင်ခဲ့ကြပြီး တော်ဝင်ထီးနန်းရဲ့ ပိုင်ဆိုင်မှုတွေကို စီမံခန့်ခွဲရတဲ့ Crown Property Bureau သို့ ချီတက်ဆန္ဒပြရန် ကနဦး စီစဥ်ထားခဲ့တာ ဖြစ်ပါတယ်။

သို့သော် ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေ စုရုံးချီတက်လာမယ့် လမ်းကြောင်းမှာ ကွန်တိန်နာများနဲ့ သံဆူးကြိုးများဖြင့် ပိတ်ဆို့ထားခဲ့ရာ ဆန္ဒပြမယ့်နေရာကို Siam Commercial Bank (SCB) ဘဏ်ရုံးချုပ်သို့ ရွှေ့ပြောင်းခဲ့ပါတယ်။ ထိုဘဏ်ရဲ့ ရှယ်ယာ ၂၃ ရာခိုင်နှုန်းကို ထိုင်းဘုရင်က ပိုင်ဆိုင်ထားပြီး အကြီးဆုံး ရှယ်ယာရှင်လည်း ဖြစ်ပါတယ်။

(Photo: Reuters)

"SCB ရှယ်ယာတွေကို ဘုရင်က မပိုင်ဆိုင်သင့်ဘဲ ဘဏ္ဍာရေးဝန်ကြီးဌာနက ထိန်းချုပ်ပိုင်ဆိုင်သင့်ပါတယ်၊ ဒါမှသာ ဒီရှယ်ယာတွေကနေ ရရှိလာတဲ့ အမြတ်ငွေကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ အသုံးပြုနိုင်မှာပါ" လို့ အသက် ၂၈ နှစ်အရွယ် ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။ ထိုဆန္ဒပြသူက ၎င်းရဲ့အမည်ကို ဘော့စ်လို့သာ အသိပေးခဲ့ပြီး အမည်အပြည့်အစုံပေးရန် ငြင်းဆန်ခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

ထိုင်းမှာ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး ဆန္ဒပြမှုတွေရှိလာသလို ဘုရင်စနစ်ကို ထောက်ခံသူတွေကလည်း တန်ပြန်ဆန္ဒပြမှုတွေ ရှိနေခဲ့ရာ တင်းမာမှုအခြေအနေအချို့ ဖြစ်ပေါ်နေပါတယ်။ ဇူလိုင်လအတွင်းမှစပြီး ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ နုတ်ထွက်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်နေခဲ့ပြီး နောက်ပိုင်းမှာတော့ ဘုရင်မဟာဗာဂျီယာလောင်ကွန်းရဲ့ ဩဇာအာဏာတွေကို ထိန်းချုပ်ကန့်သတ်ပြီး ဘုရင်စနစ် ပြုပြင်ပြောင်းလဲရန်လည်း တောင်းဆိုလာခဲ့ကြပါတယ်။

(Photo: Reuters)

ဝန်ကြီးချုပ်ပရာယွတ်ကတော့ ရာထူးမှနုတ်ထွက်ရန် ငြင်းဆန်ထားပြီး ဥပဒေချိုးဖောက်တဲ့ ဆန္ဒပြသူတွေကို အရေးယူရန် ဥပဒေအားလုံး အသုံးပြုသွားမယ်လို့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ ပြောထားခဲ့ပါတယ်။ ဝန်ကြီးချုပ်ပရာယွတ်ဟာ ၂၀၁၄ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ဝန်ကြီးချုပ်ယင်လတ် အရပ်သားအစိုးရကို ဖြုတ်ချခဲ့ပါတယ်။

ထို့နောက် ထိုင်းနိုင်ငံကို စစ်အစိုးရတစ်ရပ်ဖြင့် ငါးနှစ်ကြာ အုပ်ချုပ်ခဲ့ပြီး ထိုကာလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်ဦးဆောင်ကာ ရေးဆွဲစေခဲ့ပါတယ်။ ယမန်နှစ်မှာတော့ ထိုင်းနိုင်ငံမှာ ဒီမိုကရေစီရွေးကောက်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ စစ်တပ်က ပါဝင်နေတဲ့ ပရာယွတ်ရဲ့ပါတီက အနိုင်ရရှိပြီး ၎င်းက ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ ပရာယွတ်အနိုင်ရရှိစေရန် စစ်တပ်ကွပ်ကွဲမှုဖြင့် ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေက အထောက်အကူပြုခဲ့ကြောင်း စွပ်စွဲထားကြပါတယ်။ ဇူလိုင်လအတွင်းမှာတော့ ထိုင်းနိုင်ငံတစ်ဝန်းမှ လူငယ်အုပ်စုများက ပူးပေါင်းစီစဥ်ပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို လုပ်ဆောင်လာခဲ့ကြကာ နိုင်ငံရေးတင်းမာမှု မြင့်တက်နေခဲ့ပါတယ်။



က္က