မုန်တိုင်း ချဥ်းကပ်လာစဥ် အစောပိုင်းကတည်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။

အိန္ဒိယနိုင်ငံတောင်ပိုင်း ကုန်းတွင်းပိုင်းကို အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်နေပြီး တမီလ်နာဒူပြည်နယ် ကမ်းရိုးတန်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။

(Photo: EPA)

ဆိုင်ကလုန်းနီဗာ (Cyclone Nivar) က အိန္ဒိယကုန်းတွင်းပိုင်းကို ယမန်နေ့ (နိုဝင်ဘာ ၂၅ ရက်) ညသန်ခေါင်းကျော်အချိန်မှာ ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူတွေရဲ့ ပြောကြားမှုအရ ဆိုင်ကလုန်းမုန်တိုင်းနာဗီဟာ လေတိုက်နှုန်း တစ်နာရီလျှင် ၇၅ မိုင်အထိ အားကောင်းခဲ့ပြီး နောက်ပိုင်းမှာတော့ အားလျော့သွားခဲ့တယ်လို့ ဆိုပါတယ်။



မုန်တိုင်းမဝင်ရောက်မီ အနိမ့်ပိုင်းဒေသမှာ နေထိုင်သူ ထောင်နဲ့ချီပြီး ရွှေ့ပြောင်းထားခဲ့ပါတယ်။ အိန္ဒိယကို ဆိုင်ကလုန်းနီဗာ ဦးတည်ချဥ်းကပ်လာစဥ် အစောပိုင်းကတည်းက ချင်နိုင်းမြို့နဲ့ တမီလ်နာဒူပြည်နယ်ရဲ့ နေရာဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။

(Photo: Getty Images)

ဒေသခံမီဒီယာက ဖော်ပြမှုအရ မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် နံရံပြိုကျမှုအတွင်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ကနဦးမှာ အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် သတ်မှတ်ထားတဲ့ နီဗာဟာ ယခုအခါ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ အားလျော့သွားခဲ့ကြောင်း အိန္ဒိယမိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။

မုန်တိုင်းဟာ ဆက်လက် အားလျော့သွားပြီး မြောက်ဘက်သို့ ဦးတည်ရွေ့လျားမယ်လို့ မိုး‌လေဝသဌာနက ခန့်မှန်းထားပါတယ်။ မုန်တိုင်းအန္တရာယ်ကြောင့် တမီလ်နာဒူပြည်နယ်မြို့တော် ချင်နိုင်းမြို့မှာ ဒါဇင်နဲ့ချီတဲ့ ရထားနဲ့ လေယာဥ်ခရီးစဥ်းများ ဖျက်သိမ်းထားပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝန်ထမ်းတွေကို ဒေသတွင်းမှာ ဖြန့်ကျက်ချထားခဲ့ပါတယ်။

(Map: Google Maps)

တမီလ်နာဒူကမ်းလွန်မှာ ငါးဖမ်းထွက်တဲ့ ငါဖမ်းစက်လှေအားလုံးကို ကမ်းရိုးတန်းသို့ပြန်လာကြရန် မုန်တိုင်းမလာမီ အကြံပြု တိုက်တွန်းထားခဲ့ကြောင်း သိရပါတယ်။ ဆိုင်ကလုန်းနီဗာ မဝင်ရောက်မီ လူဦးရေ ၁၇၅,၀၀၀ ဝန်းကျင်ကို ယာယီခိုလှုံရေးစခန်းများသို့ ရွှေ့ပြောင်းပေးထားကြောင်း ယမန်နေ့ နှောင်းပိုင်းမှာ တမီလ်နာဒူပြည်နယ်ဝန်ကြီး R..B. Udhayakumar က ပြောခဲ့ပါတယ်။

တမီလ်နာဒူပြည်နယ်မှာ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မယ့် နိုဝင်ဘာ ၂၅ ရက်နဲ့ ၂၆ ရက်တို့ကို အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် ကြေညာထားပြီး အရေးပေါ်ဝန်ဆောင်မှုဌာနများကလွဲပြီး လုပ်ငန်းအားလုံး ပိတ်ထားကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က