ဗြိတိန်နဲ့ ပြင်သစ်မှ သုတေသီတွေက လေ့လာဆန်းစစ်ခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ဟာ ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့နေစဥ် မျိုဗီဇပြောင်းမှုတွေ ရှိနေပေမဲ့လည်း လတ်တလော လေ့လာတွေ့ရှိချက်အရ ကူးစက်မှုကို ပိုမိုမြန်ဆန်စွာ ဖြစ်စေနိုင်ကြောင်း မတွေ့ရှိရဘူးလို့ သိပ္ပံပညာရှင်တွေက ယမန်နေ့ (နိုဝင်ဘာ ၂၅ ရက်) မှာ ပြောပါတယ်။

(Photo: AP)

ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၉၉ နိုင်ငံရှိ COVID-19 ကူးစက်ခံရသူ ၄၆,၇၂၃ ဦးထံမှ ဗိုင်းရပ်စ်မျိုးဗီဇ အချက်အလက်တွေကို အသုံးပြုပြီး လေ့လာခဲ့ရာ SAR-CoV-2 ဗိုင်းရပ်စ်မှာ မျိုးဗီဇပြောင်းမှု သို့မဟုတ် ပြောင်းလဲသွားမှု ၁၂,၇၀၀ ကျော်ကို သုတေသီတွေက တွေ့ရှိခဲ့ကြပါတယ်။



"ကံကောင်းတာက ဒီသန္ဓေပြောင်းမှုတွေမှာ COVID-19 ကို ပိုမိုလျှင်မြန်စွာ ကူးစက်ပျံ့နှံ့မှု ဖြစ်စေနိုင်တာမျိုး ကျွန်မတို့ မတွေ့ခဲ့ရတာပါပဲ" လို့ University College London (UCL) ရဲ့ Genetics Institute မှာ ပါမောက္ခတစ်ဦးဖြစ်သူနဲ့ ယခုလေ့လာမှုကို ပြုလုပ်ခဲ့ကြတဲ့ သုတေသီအဖွဲ့ကို တွဲဖက်ဦးဆောင်သူ Lucy van Dorp က ပြောခဲ့ပါတယ်။

(Photo: Reuters)

သို့သော် အထူးသဖြင့် ကာကွယ်ဆေးတွေရရှိလာစဥ်မှာ ဗိုင်းရပ်စ်မျိုးဗီဇပြောင်းမှုအသစ်တွေကို ဆက်လက် သတိထားစောင့်ကြည့်ရန် လိုအပ်ကြောင်းလည်း သူမက ဆိုပါတယ်။ ဗိုင်းရပ်စ်တွေဟာ အချိန်နဲ့အမျှ မျိုးဗီဇပြောင်းနေတတ်ပြီး တုပ်ကွေးဗိုင်းရပ်စ်ကဲ့သို့ အချို့ကတော့ အခြား ဗိုင်းရပ်စ်တွေထက် မျိုးဗီဇပြောင်းမှု ပိုဖြစ်လေ့ရှိပါတယ်။

မျိုးဗီဇပြောင်းမှု အများစုဟာ မူလအတိုင်းပင် ဖြစ်နေလေ့ရှိပေမဲ့ အချို့ သန္ဓေပြောင်းမှုတွေက ဗိုင်းရပ်စ်ကို ပိုမိုစွမ်းဆောင်လာနိုင်စေတယ်လို့ ဆိုပါတယ်။ အချို့ မျိုးဗီဇပြောင်း ဗိုင်းရပ်စ်တွေဟာ ၎င်းတို့အတွက် ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကို အနည်းငယ်သာ ထိရောက်မှုရှိတာမျိုး ဖြစ်စေနိုင်ပါတယ်။

(Photo: Reuters)

ဗိုင်းရပ်စ်တွေဟာ ထိုကဲ့သို့ပုံစံမျိုးဖြင့် ပြောင်းလဲသွားစဥ် ကာကွယ်ဆေးကို မကြာခဏ ပြင်ဆင်ဖော်စပ်ပြီး ဗိုင်းရပ်စ်ကို ထိရောက်တဲ့ ကာကွယ်မှုဖြစ်စေရန် လုပ်ဆောင်ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇပြောင်းမှုနဲ့ ပတ်သက်ပြီး လေ့လာမှုကို ဗြိတိန်နိုင်ငံမှ UCL နဲ့ အောက်စ်ဖို့တက္ကသိုလ် (Oxford University)၊ ပြင်သစ်နိုင်ငံရဲ့ CIRAD သုတေသနဌာနဲ့ Université de la Réunion တက္ကသိုလ်တို့မှ သုတေသနအဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ထိုအဖွဲ့က ပြီးခဲ့တဲ့ ဇူလိုင်လကုန်အထိ နိုင်ငံပေါင်း ၉၉ နိုင်ငံရှိ COVID-19 ကူးစက်ခံရသူ ၄၆,၇၂၃ ဦးထံမှ ဗိုင်းရပ်စ်မျိုးဗီဇ အချက်အလက်များကို စုဆောင်းရယူခဲ့ပြီး လေ့လာဆန်းစစ်ခဲ့ကြပါတယ်။ ထိုသို့ လေ့လာဆန်းစစ်ခဲ့ရာမှာ ဗိုင်းရပ်စ်မျိုးဗီဇပြောင်းမှု ၁၂,၇၀၆ ကျော် တွေ့ရှိခဲ့ရပြီး ၎င်းတို့အနက် ၃၉၈ ခုဟာ ထပ်တလဲလဲနဲ့ တသီးတခြား ဖြစ်ခဲ့ကြောင်း သုတေသီတွေက ပြောပါတယ်။

(Photo: Richard A. Reyes)

မျိုးဗီဇပြောင်းမှု ၁၈၅ ခုကို ဂရုစိုက်လေ့လာခဲ့ရာ ၎င်းတို့ဟာ COVID-19 ကူးစက်ဖြစ်ပွားနေတဲ့ ကာလအတွင်း အနည်းဆုံး သုံးကြိမ် တသီးတခြား ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သုတေသီတွေရဲ့ လေ့လာမှုအရ မျိုးဗီဇပြောင်းမှုတွေဟာ ဗိုင်းရပ်စ်ရဲ့ ကူးစက်ပျံ့နှံ့နိုင်စွမ်းကို မြင့်တက်လာစေကြောင်း မတွေ့ခဲ့ရဘဲ အများစုဟာ ဗိုင်းရပ်စ်အတွက် မူလအခြေအနေအတိုင်း ဖြစ်တယ်လို့ သိရပါတယ်။ ယခင်က မလေးရှားအပါအဝင် နိုင်ငံအချို့မှာ လေ့လာမှုတွေမှာတော့ မျိုးဗီဇပြောင်းသွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကူးစက်မှု ၁၀ အထိ ပိုမြန်ကြောင်း တွေ့ရှိထားခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က