အီရန်ရဲ့ အရေးပါတဲ့ နျူကလီးယားသိပ္ပံပညာရှင်ကို တီဟီရန်မြို့တော်အပြင်ဘက်မှာ သေနတ်သမားတွေက ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

အမေရိကန်လေယာဥ်တင် စစ်သင်္ဘောအုပ်စု ပင်လယ်ကွေ့ဒေသအတွင်းသို့ ပြန်ရွှေ့လာခဲ့မှုဟာ အီရန်နိုင်ငံရဲ့ ထိပ်တန်းနျူကလီးယားသိပ္ပံပညာရှင် လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ခြိမ်းခြောက်မှုတစ်စုံတရာကြောင့် မဟုတ်ကြောင်း အမေရိကန်ရေတပ်ပြောခွင့်ရအမျိုးသမီးက ယမန်နေ့ (နိုဝင်ဘာ ၂၈ ရက်) မှာ ပြောပါတယ်။

(Mohsen လိုက်ပါလာခဲ့တဲ့ ကားကိုတွေ့ရစဥ်)

အီရန်ရဲ့ အရေးပါတဲ့ နျူကလီးယားသိပ္ပံပညာရှင် Mohsen Fakhrizadeh ဟာ သောကြာနေ့ (နိုဝင်ဘာ ၂၇ ရက်) က တီဟီရန်မြို့တော်အပြင်ဘက်မှာ ၎င်းရဲကားအတွင်း သေနတ်သမားတွေက ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ Mohsen အသတ်ခံရပြီးနောက် အီရန်သမ္မတခေါင်းဆောင်ကြီး အယာတိုလာအလီခါမေနီက လက်တုံ့ပြန်သွားမယ်လို့ ယမန်နေ့မှာ ပြောခဲ့ပါတယ်။ ခါမေနီက Mohsen ရဲ့ လုပ်ငန်းတွေကို ဆက်လုပ်သွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။



(အီရန်နျူကလီးယားသိပ္ပံပညာရှင် Mohsen) (Photo: AFP)

Mohsen ဟာ နျူကလီးယားလက်နက်များထုတ်လုပ်ရန် အီရန်ရဲ့လျှို့ဝှက်အစီအစဥ်ကို ဦးဆောင်သူအဖြစ် အနောက်အုပ်စုနဲ့ အစ္စရေးတို့က ယုံကြည်ထားကြပါတယ်။ ထိုအတောအတွင်း အီရန်သမ္မတဟတ်ဆန်ရိုဟာနီကလည်း Mohsen အသတ်ခံရမှုဟာ အစ္စရေးလက်ချက်ဖြစ်ကြောင်း အပြစ်ဖို့ခဲ့ပြီး နိုင်ငံရဲ့ နျူကလီးယားအစီအစဥ်တွေ လုပ်ဆောင်နေမှု နှေးကွေးသွားမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ အစ္စရေးအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးကတော့ အီရန်နျူကလီးယားသိပ္ပံပညာရှင် အသတ်ခံရမှုနောက်ကွယ်မှာ မည်သူရှိနေကြောင်း သဲလွန်စမရှိထားဘူးလို့ ဆိုပါတယ်။

(အီရန်ခေါင်းဆောင်ကြီး ခါမေနီ)

အီရန်နျူကလီးယားသိပ္ပံညာရှင် အသတ်ခံရပြီးနောက် ပင်လယ်ကွေ့ဒေသတွင်း တင်းမာမှုများ အလွန်မြင့်တက်နေပြီး မည်သည့်အဖွဲ့အစည်း သို့မဟုတ် နိုင်ငံတစ်နိုင်ငံက လုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော်ပြောခြင်းမရှိသေးပေမဲ့ အီရန်ကတော့ အမေရိကန်ရဲ့ အနီးကပ်မဟာမိတ် အစ္စရေးလက်ချက်ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူက အီရန်ရဲ့ နျူကလီးယားအစီအစဥ်တွေကို ၂၀၁၈ ခုနှစ် ဧပြီလအတွင်း ထုတ်ဖော်ရှင်းလင်းခဲ့စဥ် ယခု လုပ်ကြံသတ်ဖြတ်ခံရတဲ့ အီရန်နျူကလီယားသိပ္ပံပညာရှင် Mohsen ရဲ့အမည်ကို အဓိက ထည့်သွင်းပြောကြားခဲ့ဖူးတယ်လို့ ဆိုပါတယ်။

(ဒေါ်နယ်ထရန့်နှင့် နက်တန်ယာဟူ) (Yonatan Sindel/Flash90)

အမေရိကန်ရဲ့ နျူကလီးယားစွမ်းအင်သုံး USS Nimitz လေယာဥ်တင်သင်္ဘော ဦးဆောင်တဲ့ စစ်သင်္ဘောအုပ်စုဟာ ပင်လယ်ကွေ့ဒေသအတွင်းသို့ ပြန်လည်နေရာယူထားခဲ့ပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်ကတော့ လေယာဥ်တင်စစ်သင်္ဘောအုပ်စုဟာ သမ္မတဒေါ်နယ်ထရန့်ရဲ့ အမိန့်အရ အီရန်နဲ့ အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်ဖွဲ့ဝင် ထောင်နဲ့ချီ ပြန်လည်ရုပ်သိမ်းစဥ် အထောက်အပံ့ပေးရန်အတွက် ဖြစ်တယ်လို့ ပြောထားပါတယ်။ 

Share

Loading Next Article...
က္က