နိုဝင်ဘာ ၂၈ ရက် ညပိုင်း အနိမ့်ဆုံး အပူချိန်ဟာ ၂၅.၄ ဒီဂရီဆဲလ်စီးယ်သို့ ရောက်ရှိခဲ့ပါတယ်။

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ အပူဆုံး နိုဝင်ဘာညအဖြစ် စံချိန်တင်ခဲ့ပြီး ယနေ့ (နိုဝင်ဘာ ၂၉ ရက်) မှာ နေ့အပူအချိန်များ ၄၀ ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

(Photo: EPA)

ဆစ်ဒနီမြို့ရဲ့ ယမန်နေ့ (နိုဝင်ဘာ ၂၈ ရက်) ညပိုင်း အနိမ့်ဆုံး အပူချိန်ဟာ ၂၅.၄ ဒီဂရီဆဲလ်စီးယ်သို့ ရောက်ရှိခဲ့ပါတယ်။ အပူချိန်မြင့်တက်မှုကြောင့် New South Wales ပြည်နယ် မီးသတ်ဌာနက ပြည်နယ်ရဲ့ အရှေ့ပိုင်းနဲ့ အရှေ့မြောက်ပိုင်း နေရာဒေသတွေမှာ မီးအသုံးပြုမှု တားမြစ်ပိတ်ပင်ချက် ထုတ်ပြန်ခဲ့ရပါတယ်။



တောင်ပိုင်းဩစတြေးလျနဲ့ ဗစ်တိုးရီးယား အပါအဝင် ဩစတြေးလျရဲ့ အခြား နေရာတွေမှာလည်း ယခုသီတင်းပတ်ကုန်အတွင်း အပူချိန်များ မြင့်တက်နေခဲ့ကြောင်း သိရပါတယ်။ ဆစ်ဒနီမြို့ရဲ့ စံချိန်တင် အပူချိန်ကို Observatory Hill မှာ တိုင်းတာမှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။ ယနေ့မနက် ဒေသစံတော်ချိန် ၄ နာရီခွဲအချိန်မှာ အပူချိန်ဟာ ၃၀ ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်လာခဲ့ကြောင်း Sydney Morning Herald သတင်းဌာနက ဖော်ပြပါတယ်။

(Photo: EPA)

ယခင်က ဆစ်ဒနီမြို့ရှိ Observatory Hill မှာ အမြင့်ဆုံး ညအပူချိန်ဟာ ၁၉၆၇ ခုနှစ်အတွင်း ၂၄.၈ ဒီဂရီဆဲလ်စီးယပ် ဖြစ်ခဲ့ပါတယ်။ ဆစ်ဒနီမှာ အပူချိန်မြင့်တက်နေမှုကြောင့် လူအုပ်စုအများအပြားက ကမ်းခြေသို့ ရောက်ရှိလာခဲ့ကြတဲ့ သတင်းဓာတ်ပုံတွေလည်း တွေ့ရပါတယ်။ New South Wales (NSW) ပြည်နယ် ကျန်းမာရေးဌာနက COVID-19 ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန်အတွက် ကမ်းခြေသို့ သွားရောက်ကြသူတွေကို ခပ်ခွာခွာနေကြရန် သတိပေးထားပါတယ်။

NSW နဲ့ ကွင်းစ်လန်းပြည်နယ် အရှေ့တောင်ပိုင်းရဲ့ နေရာဒေသတွေမှာ အပူလှိုင်းဖြတ်သန်းမှု ငါးရက် သို့မဟုတ် ခြောက်ရက် ဖြစ်ပေါ်နိုင်ကြောင်း Bureau of Meteorology (BOM) က ခန့်မှန်းထားပါတယ်။ အပူချိန်တွေ မြင့်တက်နေမှုကြောင့် NSW ပြည်နယ်ရဲ့ အရှေ့ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတို့မှာ ပြင်းထန်တဲ့ မီးလောင်မှုအန္တရာယ် အလွန်မြင့်မားနေကြောင်း Rural Fire Service (RFS) က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

(Photo: Jenny Evans/Getty Images)

လက်ရှိမှာ NSW ပြည်နယ်တစ်ဝန်း တောမီးလောင်မှု ၄၅ ခု ဖြစ်ပွားနေခဲ့ပြီး တောမီးလောင်မှုတစ်ခုက ဆစ်ဒနီမြို့အနောက်ပိုင်းရှိ နေအိမ်တွေအတွက် အန္တရာယ်ရှိနေပြီး မီးဘေးအန္တရာယ်ကင်းရေး အစီအစဥ်များ လုပ်ဆောင်ထားကြရန် RFS လက်ထောက်အကြီးအကဲ Peter McKechnie က တိုက်တွန်းထားပါတယ်။

ဩစတြေးလျမှာ ၂၀၁၉-၂၀ တောမီးရာသီအတွင်း မြေဧကပေါင်း ၅၉ သန်းကျော် မီးလောင်ကျွမ်းခဲ့ပါတယ်။ ထိုတောမီးလောင်မှုများအတွင်း လူ ၃၃ ဦး သေဆုံးခဲ့ပြီး နေအိမ် ၃,၀၀၀ ကျော် ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် တိရိစ္ဆာန်အကောင်ရေ ၃ ဘီလီယံနီးပါး သေဆုံး သို့မဟုတ် နေရာရွှေ့ပြောင်းခဲ့ကြကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က