ကမ္ဘာတစ်ဝန်း ကူးစက်မှုတွေ နေ့စဥ် တိုးလာနေစဥ် ရှန်ဟိုင်းမှာ မာရသွန်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်မှုတွေ နေ့စဥ် တိုးလာနေစဥ် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ယနေ့ (နိုဝင်ဘာ ၂၉ ရက်) ကျင်းပပြုလုပ်ခဲ့တဲ့ မာရသွန်အပြေးပြိုင်ပွဲကို အပြေးသမား ၉,၀၀၀ ခန့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရပါတယ်။

(Photo: Xinhua)

Shanghai International Marathon အပြေးပြိုင်ပွဲမှာ ပါဝင်ခဲ့သူတွေအနက် mask မတပ်ထားသူတွေလည်း ပါဝင်ခဲ့ပါတယ်။ ယခုမာရသွန်ပွဲဟာ COVID-19 စတင်တွေ့ခဲ့ရပြီးနောက် တစ်နှစ်အတွင်း လူအစုအပြုံလိုက်ပါဝင်ကြတဲ့ ရှားရှားပါးပါး အားကစားပွဲတစ်ခု ဖြစ်တယ်လို့ တရုတ်မီဒီယာက ဖော်ပြပါတယ်။



မာရသွန်ပွဲ စီစဥ်ကျင်းသူတွေက ကမ္ဘာတစ်ဝန်း ကျန်းမာရေးအကျပ်အတည်းဖြစ်နေစဥ် တရုတ်နိုင်ငံက ရှေ့ဆက်သွားနေကြောင်းကို ပြသလိုတဲ့ ရည်ရွယ်ချက်လည်းရှိတယ်လို့ ဆိုပါတယ်။ ယခုနှစ်မှာ နယူးယော့ခ်၊ ဘာလင်၊ ဘော်စတွန်နဲ့ ချီကာဂို မာရသွန်အပြေးပြိုင်ပွဲတွေဟာ COVID-19 ကြောင့် ကျင်းပနိုင်ခြင်း မရှိပါဘူး။

(Photo: AFP)

လန်ဒန်နဲ့ တိုကျို မာရသွန်အပြေးပြိုင်ပွဲတွေကိုတော့ လက်ရွေးစင်အဖြစ် ရွေးချယ်ထားသူတွေသာ ပါဝင်ယှဥ်ပြိုင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ COVID-19 ကြောင့် လူစုလူဝေးဖြစ်စေတဲ့ မာရသွန်ပွဲများ ကမ္ဘာတစ်ဝန်း ကျင်းပနိုင်ခြင်းမရှိစဥ်မှာ တရုတ်အစိုးရက ရှန်ဟိုင်းမာရသွန်ပွဲကို စီစဥ်ကျင်းပခဲ့ပါတယ်။ တရုတ်မှာ လတ်တလော ပြည်တွင်းကူးစက်မှုများ တွေ့နေခဲ့ရာ ရှန်ဟိုင်းဟာလည်း ကူးစက်မှုအန္တရာယ်ရှိနေပါတယ်။

သို့သော် တရုတ်အစိုးရက တင်းကျပ်တဲ့ lockdown အစီအမံတွေနဲ့ လူအစုအပြုံလိုက် ဗိုင်းရပ်စ်စစ်ဆေးမှုများဖြင့် ကူးစက်မှုကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ယနေ့ မာရသွန်အပြေးပြိုင်ပွဲမှာ အပြေးသမားတွေဟာ COVID-19 မရှိကြောင်း စစ်ဆေးအတည်ပြုချက်ရှိရပြီး ပြိုင်ပွဲမစတင်မီနဲ့ ပြိုင်ပွဲပြီးဆုံးချိန်မှာလည်း mask တပ်ထားရမယ်လို့ ညွှန်ကြားထားပါတယ်။

မာရသွန်ပွဲမှာ ပါဝင်သူအချို့ကတော့ mask ကို တစ်ချိန်လုံး တပ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ယခင် ရှန်ဟိုင်းမာရသွန်ပြိုင်ပွဲတွေမှာ အပြေးသမား ၃၈,၀၀၀ အထိပါဝင်ကြခဲ့ပြီး ယခုနှစ်မှာတော့ ၉,၀၀၀ ခန့်သို့ လျော့နည်းခဲ့တာ ဖြစ်ပါတယ်။ မာရသွန်ပြိုင်ပွဲမှာ နိုင်ငံခြားမှ ပါဝင်ယှဥ်ပြိုင်သူ မရှိခဲ့ဘဲ လာရောက်ကြည့်ရှုသူတွေကို ခပ်‌ဝေးဝေးမှာနေကြရန် ပြောထားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က