ဆန္ဒပြဆူပူအုံကြွမှုအတွင်း အကျဥ်းထောင်စောင့်တွေနဲ့ အကျဥ်းသားများ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
Ko John

သီရိလင်္ကာနိုင်ငံ အကျဥ်းထောင်များအတွင်း COVID-19 ကူးစက်ဖြစ်ပွားမှုတွေ မြင့်တက်နေမှုအပေါ် အကျဥ်းထောင်တစ်ခုမှာ ဆန္ဒပြဆူပူအုံကြွခဲ့ရာမှ အစောင့်တွေနဲ့ အကျဥ်းသားများ ထိပ်တိုက်တွေ့ခဲ့ပြီး အနည်းဆုံးရှစ်ဦး သေဆုံးကြောင်းနဲ့ ၅၂ ဦး ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

(ကိုလံဘိုမြို့ အကျဥ်းထောင်တစ်ခုမှ အကျဥ်းသားတစ်ဦး) (Photo: Getty Images)

အကျဥ်းသားတွေက ထောင်တွေထဲမှာ ကူးစက်မှုတွေ မြင့်တက်ဖြစ်ပွားနေရာ အာမခံဖြင့် စောလွှတ်ရန်နဲ့ ပိုမိုကောင်းမွန်တဲ့ အကျဥ်းထောင်များဖြစ်ရေး ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ ယမန်နေ့ (နိုဝင်ဘာ ၂၉ ရက်) က ဖြစ်ပွားခဲ့တဲ့ မာဟာရာအကျဥ်းထောင်တွင်း ဆန္ဒပြဆူပူအုံကြွမှုဟာ ထိန်းမနိုင်တဲ့အခြေအနေ ဖြစ်လာခဲ့တာကြောင့် အစောင့်တွေက အင်အားသုံး ထိန်းချုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရအမျိုးသား Ajith Rohana က ပြောပါတယ်။



သီရိလင်္ကာမှာ အကျဥ်းသားများပြည့်နှက်နေတဲ့ အကျဥ်ထောင်းများအတွင်း COVID-19 ကူးစက်ခံရသူ ၁,၀၀၀ ခန့်ရှိခဲ့ကြောင်း သိရပါတယ်။ မီဒီယာက ဖော်ပြမှုအရ အကျဥ်းထောင် ဆူပူအုံကြွမှုအတွင်း အကျဥ်းထောင်စောင့်တွေက အခြေအနေကို ထိန်းချုပ်နိုင်ရန် သေနတ်ဖြင့် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

(ဝီလီကာဒါအကျဥ်းထောင်မှာ အကျဥ်းသားများ ဆန္ဒပြစဥ်) (Photo: Reuters)

အကျဥ်းထောင်ထဲမှ သေနတ်သံအများအပြား ကြားခဲ့ရတယ်လို့ အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတွေရဲ့ ပြောကြားမှုကို ကိုးကားပြီး ဒေသခံသတင်းတွေက ဖော်ြပကြပါတယ်။ အကျဥ်းထောင်ဆူပူမှုမှာ ဒဏ်ရာရခဲ့သူတွေကို Ragama ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရအမျိုးသားက BBC Sinhala သတင်းဌာနကို ပြောခဲ့ပါတယ်။ အကျဥ်းထောင်စောင့်နှစ်ဦးလည်း ဒဏ်ရာပြင်းထန်စွာရခဲ့တယ်လို့ ဆိုပါတယ်။

ထောင်ဆူပူမှုဖြစ်ပွားခဲ့ပြီးနောက် အကျဥ်းထောင်ပတ်ဝန်းကျင် လုံခြုံရေးတင်းကျပ်ထားပြီး အထူးရဲတပ်ဖွဲ့ကွန်မန်ဒိုတွေနဲ့ ရဲတပ်ဖွဲ့ငါးဖွဲ့ကို ဖြန့်ကျက်ချထားကြောင်းလည်း ၎င်းကဆိုပါတယ်။ ယခုဖြစ်ရပ်ဟာ အကျဥ်းထောင်များရဲ့ COVID-19 ကူးစက်မှုတွေ ဆက်လက် မြင့်တက်နေတဲ့ သီရိလင်္လာမှာ လတ်တလော သီတင်းပတ်များအတွင်း ဆက်တိုက် ဖြစ်ပွားနေခဲ့တဲ့ ထောင်ဆူပူမှုတွေထဲမှာ နောက်ဆုံးဖြစ်ရပ်လည်း ဖြစ်လာပါတယ်။

(ကိုလံဘိုမြို့ရှိ လူနေတိုက်ခန်းတစ်ခုမှာ COVID-19 စစ်ဆေးစဥ်) (Photo: AP)

အစောပိုင်းကလည်း ကိုလံဘိုမြို့တော် ဆင်ခြေဖုံးဒေသရှိ ဝီလီကာဒါအကျဥ်းထောင်မှာ အကျဥ်းသားတွေက ခေါင်မိုးပေါ်တက်ပြီး အာမခံဖြင့် ပြန်လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ထို့အတူ အဂန်နာကိုလာပါလက်ဆာ အကျဥ်းထောင်မှာလည်း အကျဥ်းသားအုပ်စုတစ်ခု ၎င်းတို့ရဲ့ အကျဥ်းထောင်တွင်း အခြေအနေ ပိုမိုဆိုးရွားလာကြောင်း ပြောဆိုကြပြီး ဆန္ဒပြနေခဲ့ကြတာ ရှစ်ရက်ကြာပြီ ဖြစ်ပါတယ်။

လူ့အခွင့်အရေးအုပ်စုတွေရဲ့ အဆိုအရ သီရိလင်္ကာတစ်ဝန်း အကျဥ်းထောင်တွေမှာ အကျဥ်းသားဦးရေ ၁၀,၀၀၀ ခန့် ထားရှိနိုင်တာဖြစ်ပေမဲ့ လက်ရှိမှာ အကျဥ်းသား ၂၆,၀၀၀ ခန့်အထိရှိနေကြောင်း သိရပါတယ်။ သီရိလင်္ကာမှာ ပြီးခဲ့တဲ့လအတွင်း အထည်ချုပ်စက်ရုံတစ်ရုံနဲ့ ငါးဈေးတစ်ခုမှာ ကူးစက်မှုအစုအဝေးနှစ်ခု တွေ့ရှိခဲ့ရပြီးနောက် COVID-19 ကူးစက်ဖြစ်ပွားမှုတွေ မြင့်တက်နေပါတယ်။ John Hopkins တက္ကသိုလ်ရဲ့ စာရင်းတွေအရ လက်ရှိအချိန်အထိ သီရိလင်္ကာနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၂၃,၄၈၄ ဦးနဲ့ သေဆုံးသူ ၁၁၆ ဦးရှိခဲ့ပါတယ်။


Author

  • Ko John

    Editorial Advisor at Duwun


က္က