ညာဖက်ခြေချောင်းရိုး အလယ်ပိုင်းရှိ အရိုးငယ်နှစ်ချောင်း ကျိုးသွားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ဟာ ၎င်းရဲ့ ခွေးတစ်ကောင်နဲ့ ဆော့ကစားစဥ် ခြေချောင်းရိုးကျိုး ဒဏ်ရာရခဲ့ပြီး ခြေချောင်းရိုးကျိုးသူတွေ ဝတ်ဆင်ရတဲ့ဖိနပ်ကို ရက်သတ္တပတ်အနည်းငယ်ကြာ ဝတ်ဆင်ထားရဖွယ်ရှိကြောင်း ၎င်းရဲ့ဆရာဝန်က ပြောပါတယ်

(အရိုးအထူးကုထံလာရောက်သည့် ဂျိုးဘိုင်ဒန်ရဲ့ယာဥ်တန်း) (Photo: AP)

ဂျိုးဘိုင်ဒန်ဟာ စနေနေ့ (နိုဝင်ဘာ ၂၈ ရက်) က မတော်တဆ ဒဏ်ရာရခဲ့ပြီးနောက် ယမန်နေ့ (နိုဝင်ဘာ ၂၉ ရက်) မွန်းလွဲပိုင်းမှာ ဒီလာဝဲပြည်နယ် Newark မြို့ရှိ အရိုးအထူးကုနဲ့ ပြသခဲ့ကြောင်း ၎င်းရဲ့ရုံးခန်းက ထုတ်ပြန်ပါတယ်။ ၎င်းရဲ့ ခွေးနှစ်ကောင်အနက်မှ Major အမည်ရှိ ခွေးနဲ့ ဆော့ကစားစဥ် ခြေချောင်းရိုးကျိုးဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။



အမေရိကန်ရွေးကောက်ပွဲအကြောင်း ဘာတွေသိထားသင့်လဲ?

ဂျိုးဘိုင်ဒန်ရဲ့ခွေး Major ကို ၂၀၁၈ ခုနှစ်မှာ မွေးမြူခဲ့တာဖြစ်ပြီး ပထမတစ်ကောင်ဖြစ်တဲ့ Champ ကိုတော့ ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ ဝယ်ယူခဲ့တယ်လို့ AP သတင်းက ဖော်ပြပါတယ်။ "ကနဦး ဓာတ်မှန်ရိုက်ကြည့်တာအရတော့ သိသိသာသာကြီး ကျိုးသွားတာမျိုး မတွေ့ရပါဘူး၊ ဒါပေမဲ့ ဆေးဘက်ဝန်ထမ်းတွေကတော့ အသေးစိတ်သိရအောင် CT scan နဲ့ စစ်ဆေးခိုင်းခဲ့ပါတယ်" လို့ ဂျိုးဘိုင်ဒန်ရဲ့ ဆရာဝန် ကီဗင်အိုကွန်နာက ပြောပါတယ်။ 

(ဂျိုးဘိုင်ဒန်နဲ့ ၎င်းရဲ့ခွေး Major) (Photo: Delaware Human Association Instagram)

CT scan နဲ့ စစ်ဆေးကြည့်ရာမှာတော့ ဂျိုးဘိုင်ဒန်ရဲ့ ညာဖက်ခြေချောင်းရိုး အလယ်ပိုင်းရှိ အရိုးငယ်နှစ်ချောင်း အနည်းငယ်ကျိုးနေတာ တွေ့ခဲ့ရတယ်လို့ ကီဗင်အိုကွန်နာက ဆိုပါတယ်။ ယခုအခြေအနေအရ ဂျိုးဘိုင်ဒန်ဟာ ခြေချောင်းရိုးကျိုးသူတွေ ဝတ်ဆင်ရတဲ့ လမ်းလျှောက်ဖိနပ်ကို ရက်သတ္တပတ်အနည်းငယ်ကြာ ဝတ်ဆင်ထားရန် လိုအပ်နိုင်ကြောင်း ဆရာဝန်က ပြောပါတယ်။

အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံးသမ္မတဖြစ်လာမယ့် 'လူလတ်တန်းစားဂျိုး'

အသက်အရွယ်ကြီးသူတွေမှာ အရိုးကျိုးမှုဟာ ယေဘုယျအားဖြင့် စိုးရိမ်စရာတစ်ခုဖြစ်ပေမဲ့ ဂျိုးဘိုင်ဒန်ကတော့ အခြားသူတွေရဲ့ ဖြစ်စဥ်တွေနဲ့ နှိုင်းယှဥ်ပါက မပြင်းထန်ကြောင်း ၎င်းရဲ့ဆရာဝန် ကီဗင်အိုကွန်နာက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ အမေရိကန်မီဒီယာတွေက ဖော်ပြထားမှုအရ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဂျိုးဘိုင်ဒန်ဟာ နိုဝင်ဘာ ၂၀ ရက်နေ့မှာ အသက် ၇၈ နှစ်ပြည့်ခဲ့ပြီဖြစ်ရာ အမေရိကန်နိုင်ငံရဲ့ အသက်အကြီးဆုံးသမ္မတ ဖြစ်လာမယ်လို့လည်း သိရပါတယ်။



က္က