ဘုရင်စနစ်အပေါ် ဝေဖန်ခြင်းကို မလုပ်အပ်တဲ့အရာအဖြစ် ကာလရှည်ကြာ တားမြစ်ထားခဲ့မှုကို ဆန္ဒပြသူတွေက ချိုးဖောက်ဆန့်ကျင်လာခဲ့ကြပါတယ်။
Ko John

ထိုင်းအစိုးရဆန့်ကျင်ရေး ထင်ရှားတဲ့ ဆန္ဒပြခေါင်းဆောင်တွေက ဘုရင်မဟာဗာဂျီယာလောင်ကွန်းရဲ့ ထီးနန်းကိုစော်ကားမှုဖြင့် ၎င်းတို့ကို စွဲချက်တင်မှုများအတွက် ကြားနာမှုခံယူရန် ရဲတပ်ဖွဲ့ထံ ယနေ့ (နိုဝင်ဘာ ၃၀ ရက်) လာရောက်ခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

ယခုဖြစ်ရပ်က ဘရင်စနစ်ကို စော်ကားပြောဆိုမှုနဲ့ ပတ်သက်တဲ့ ဥပဒေများဖြင့် ၂ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် စွဲချက်တင်မှုလည်း ဖြစ်လာမယ်လို့ ဆိုပါတယ်။ ထိုင်းဥပဒေအရ ပုဒ်မ ၁၁၂ ဟာ ဘုရင်စနစ်ကို စော်ကားမှုအတွက် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ပါတယ်။



ထိုပုဒ်မဖြင့် စွဲချက်တင်ခံရပေမဲ့ ၎င်းတို့ကို ဆန္ဒပြမှုတွေကနေ ခြိမ်းခြောက်ဟန့်တားမှု ဖြစ်စေမှာမဟုတ်ကြောင်း ဆန္ဒပြခေါင်းဆောင်တွေက ဆိုပါတယ်။ "ပုဒ်မ ၁၁၂ က မတရားတဲ့ ဥပဒေပါ၊ ဒီဥပဒေကို ဘာမှ အဓိပ္ပါယ်မရှိပါဘူး၊ တရားဥပဒေဘောင်ထဲကနေ တိုက်ပွဲဝင်သွားဖို့ အသင့်ပါပဲ" လို့ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေနဲ့ ဆန္ဒပြခေါင်းဆောင် Arnon Nampa က သတင်းထောက်တွေကို ပြောပါတယ်။

(Photo: Reuters)

Arnon Nampa နဲ့အတူ အခြား ဆန္ဒပြခေါင်းဆောင်တွေဖြစ်ကြတဲ့ Panupong "Mike Rayong" Jadnok, Panusaya "Rung" Sithijirawattanakul နဲ့ Parit "Penguin" Chiwarak တို့လည်း ရဲစခန်းသို့ လာရောက်ခဲ့ကြကြောင်း သိရပါတယ်။ "စွဲချက်တင်မှုကို ကျွန်တော်တို့ သိရှိပြီး ဒီစွဲချက်ကို ငြင်းဆိုပါတယ်" လို့ ရှေ့နေ Arnon Nampa က ရဲစခန်းမှာ ပြောခဲ့ပါတယ်။

ထိုင်းရဲတပ်ဖွဲ့က ဆန္ဒပြခေါင်းဆောင် စုစုပေါင်း ခုနစ်ဦးကို ရဲစခန်းသို့ ဆင့်ခေါ်ထားပြီး ဘုရင်ကိုစော်ကားမှုဖြင့် စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။ ယခု ဆန္ဒပြခေါင်းဆောင် ခုနစ်ဦးနဲ့ အခြား ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ထိုင်းမှာ ဇူလိုင်လနောက်ပိုင်း ဖြစ်ပွားနေခဲ့တဲ့ ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး စွဲချက်များကို ရင်ဆိုင်နေရပါတယ်။

(Photo: Reuters)

ထိုင်းနိုင်ငံမှာ ဇူလိုင်လအတွင်းမှစပြီး ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ နုတ်ထွက်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်နေခဲ့ပြီး နောက်ပိုင်းမှာတော့ ဘုရင်မဟာဗာဂျီယာလောင်ကွန်းရဲ့ ဩဇာအာဏာတွေကို ထိန်းချုပ်ကန့်သတ်ပြီး ဘုရင်စနစ် ပြုပြင်ပြောင်းလဲရန်လည်း တောင်းဆိုလာခဲ့ကြပါတယ်။ ထိုင်းမှာ ဘုရင်စနစ်နဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုခြင်းကို မလုပ်အပ်တဲ့အရာအဖြစ် ကာလရှည်ကြာ တားမြစ်ထားခဲ့မှုကို ဆန္ဒပြသူတွေက ချိုးဖောက်ဆန့်ကျင်လာခဲ့ကြတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ပရာယွတ်ကတော့ ရာထူးမှနုတ်ထွက်ရန် ငြင်းဆန်ထားပြီး ဥပဒေချိုးဖောက်တဲ့ ဆန္ဒပြသူတွေကို အရေးယူရန် ဥပဒေအားလုံး အသုံးပြုသွားမယ်လို့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ ပြောထားခဲ့ပါတယ်။ ဝန်ကြီးချုပ်ပရာယွတ်ဟာ ၂၀၁၄ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ဝန်ကြီးချုပ်ယင်လတ် အရပ်သားအစိုးရကို ဖြုတ်ချခဲ့ပါတယ်။

(Photo: MediaCorp/CNA)

ထို့နောက် ထိုင်းနိုင်ငံကို စစ်အစိုးရတစ်ရပ်ဖြင့် ငါးနှစ်ကြာ အုပ်ချုပ်ခဲ့ပြီး ထိုကာလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်ဦးဆောင်ကာ ရေးဆွဲစေခဲ့ပါတယ်။ ယမန်နှစ်မှာတော့ ထိုင်းနိုင်ငံမှာ ဒီမိုကရေစီရွေးကောက်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ စစ်တပ်က ပါဝင်နေတဲ့ ပရာယွတ်ရဲ့ပါတီက အနိုင်ရရှိပြီး ၎င်းက ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ ပရာယွတ်အနိုင်ရရှိစေရန် စစ်တပ်ကွပ်ကွဲမှုဖြင့် ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေက အထောက်အကူပြုခဲ့ကြောင်း စွပ်စွဲထားကြပါတယ်။


Author

  • Ko John

    Editorial Advisor at Duwun


က္က