အင်ဒိုနီးရှား တောင်ဘက်စွန်းပြည်နယ်ရှိ မီးတောင်တစ်ခု နှစ်အနည်းကြာအတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ပါတယ်။
Ko John

အင်ဒိုနီးရှားနိုင်ငံမှာ နှစ်အနည်းကြာအတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲမှုဖြစ်ပွားနေတဲ့ မီးတောင်အနီးတစ်ဝိုက်မှ လူဦးရေ ထောင်နဲ့ချီ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြကြောင်းနဲ့ မီးတောင်ကနေ ကြီးမားတဲ့ မီးခိုးလုံးကြီးနဲ့ ပြာမှုန်များ မှုတ်ထုတ်လျက်ရှိကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ယနေ့ (နိုဝင်ဘာ ၃၀ ရက်) ပြောပါတယ်။

(Photo: Reuters)

တနင်္ဂနွေနေ့ (နိုဝင်ဘာ ၂၉ ရက်) မှာ Ili Lewotokok မီးတောင် ပေါက်ကွဲလာမှုကြောင့် ဒေသခံ ၄,၄၀၀ ကျော် နေအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရပြီး မီးတောင်ဝမှ ကောင်းကင်ထဲသို့ ၂ မိုင်ကျော်အကွာအဝေးအထိ မီးခိုးနဲ့ ပြာမှုန်များ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ မီးတောင်ပေါက်ကွဲမှု အန္တရာယ်ကြောင့် ဒေသခံ လေဆိပ်တစ်ခုကို ပိတ်ထားခဲ့ရပြီး လေယာဥ်ပျံသန်းမှု သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရပါတယ်။ ယခု မီးတောင်ဟာ ၂၀၁၇ ခုနှစ်မှာ နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ဖူးပါတယ်။



(Photo: AFP)

အင်ဒိုနီးရှား အစွန်အဖျားဒေသရှိ Ili Lewotokok မီးတောင် ပေါက်ကွဲမှုကြောင့် လတ်တလောမှာ ဒဏ်ရာရမှု သို့မဟုတ် ထိခိုက်ပျက်စီးမှု သတင်းတွေ မကြားရသေးဘူးလို့ ဆိုပါတယ်။ သို့သော် အင်ဒိုနီးရှား တောင်ဘက်စွန်း East Nusa Tenggara ပြည်နယ်ရှိ မီးတောင်ပေါက်ကွဲမှုမှ ထွက်ရှိလာတဲ့ ပြာမှုန်များကြောင့် ဒေသခံတွေကို mask များ တပ်ဆင်ထားကြရန်နဲ့ မီးတောင်ချော်ရည်များ စီးဆင်းလာမှုဖြစ်နိုင်ကြောင်း သတိပေးထားပါတယ်။

ပေါက်ကွဲမှုဖြစ်နေတဲ့ မီးတောင်ဝကနေ တစ်မိုင်ကျော်ပတ်လည်အတွင်းနဲ့ မီးတောင်ကနေ ၂ မိုင်ကျော်ပတ်လည်အတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန် အာဏာပိုင်တွေက တားမြစ်ထားပါတယ်။ မီးတောင်ပေါက်ကွဲနေမှုကြောင့် ဒေသတွင်းရှိ Wunopitu လေဆိပ်ကို ယာယီပိတ်ထားပြီး လေယာဥ်တွေကို မီးတောင်ပြာမှုန်များ အန္တရာယ်သတိပေးချက် ထုတ်ပြန်ထားပါတယ်။

(Photo: EPA-EFE)

အင်ဒိုနီးရှာဟာ မီးတောင်ပေါက်ကွဲမှုနဲ့ ငလျင်လှုပ်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ ပစိဖိတ်မီးကွင်း (Pacific "Ring of Fire") ပေါ်မှာ တည်ရှိနေပြီး နိုင်ငံအတွင်း သက်ဝင်လှုပ်ရှားမှုရှိနေတဲ့ မီးတောင် ၁၃၀ ခန့်ရှိကြောင်း သိရပါတယ်။ ၂၀၁၈ ခုနှစ် နှောင်ပိုင်းက ဂျာဗားနဲ့ ဆူမာတြားကျွန်းများကြားရှိ ရေလက်ကြားနေရာမှာ မီးတောင်ပေါက်ကွဲခဲ့ရာမှ ရေအောက်မှာ မြေပြိုမှုဖြစ်ပြီး ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့မှုအတွင်း လူ ၄၀၀ ကျော် သေဆုံးခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။

.


ဆက်စပ်အကြောင်းအရာများ


Author

  • Ko John

    Editorial Advisor at Duwun


က္က