လတ်တလော ကြက်ငှက်တုပ်ကွေး ကူးစက်ဖြစ်ပွားမှုဟာ လေးနှစ်ကျော်အတွင်း အဆိုးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံမှာ ကြက်ငှက်တုပ်ကွေး ကူးစက်မှုကို စတုတ္တမြောက် စီရင်စုတစ်ခုမှာ တွေ့ခဲ့ရကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ယနေ့ (ဒီဇင်ဘာ ၁ ရက်) မှာ ပြောခဲ့ပါတယ်။

(Photo: AFP/STR/Ground Self Defense Force via Ji)

ဂျပန် မွေးမြူးရေးခြံတွေမှာ လတ်တလော ကြက်ငှက်တုပ်ကွေး ကူးစက်ဖြစ်ပွားမှုဟာ လေးနှစ်ကျော်အတွင်း အဆိုးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ကြက်ငှက်တုပ်ကွေး (Avian influenza) ကူးစက်ဖြစ်ပွားမှုကို ဂျပန်အနောက်တောင်ပိုင်း ကျူရှူး (Kyushu) ကျွန်းပေါ်ရှိ မီယာဇာကီ (Miyazaki) စီရင်စုအတွင်း Hyuga မြို့ရှိ မွေးမြူရေးခြံတစ်ခြံမှာ တွေ့ရှိခဲ့ရကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ၎င်းရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။



ကြက်သား သို့မဟုတ် ကြက်ဥစားခြင်းဖြင့် လူတွေကို ကြက်ငှက်တုပ်ကွေး ကူးစက်နိုင်မှု မရှိကြောင်းလည်း ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ ဂျပန်မှာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ကြက်ငှက်တုပ်ကွေး ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးအဖြစ် ပြီးခဲ့တဲ့လအတွင်း Shikoku ကျွန်းရှိ ကာဂါဝါ (Kagawa) စီရင်စုမှာ စတင်တွေ့ရှိခဲ့ရကြောင်းနဲ့ ထိုကျွန်းဟာ ကျူရှူးကျွန်းနဲ့ ကပ်လျက်တည်ရှိနေပါတယ်။

(Photo: Reuters)

မီယာဇာကီရှိ မွေးမြူရေးခြံမှာ ကြက်ငှက်တုပ်ကွေး ကူးစက်ဖြစ်ပွားမှုကြောင့် ကြက်အကောင်ရ ၄၀,၀၀၀ ကို သုတ်သင်ပြီး မြေမြှုပ်သွားမယ်လို့ ဆိုပါတယ်။ ကြက်ငှက်တုပ်ကွေး ကူးစက်မှုတွေ့ရတဲ့ မွေးမြူရေးခြံရဲ့ ၁.၈ မိုင်ပတ်လည်ကိုလည်း အသွားအလာ ကန့်သတ်ထားမယ်လို့ သိရပါတယ်။ ယခုနောက်ဆုံး သုတ်သင်မှုအရ ဂျပန်မှာ ကြက်ငှက်တုပ်ကွေး နောက်ဆုံး ဖြစ်ပွားခဲ့စဥ်မှစပြီး လက်ရှိအချိန်အထိ ကြက်အကောင်ရေ ၁.၈ သန်းကျော်ကို သုတ်သင်ခဲ့ပြီး ဖြစ်ပါတယ်။

နိုဝင်ဘာလအစောပိုင်းကလည်း ကူးစက်မှုတွေ စတင်တွေ့ခဲ့ရတဲ့ ကာဂါဝါစီရင်စုမှာ ကြက်အကောင်ရေ ၃၃၀,၀၀၀ ကို သုတ်သင်ခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ကာဂါဝါစီရင်စုမှာပင် ကြက်ငှက်တုပ်ကွေး ကူးစက်မှုတွေ နောက်ဆုံးဖြစ်ပွားခဲ့ပြီး ထိုစဥ်က ကြက်အကောင်ရေ ၉၁,၀၀၀ ကို သုတ်သင်ခဲ့ပါတယ်။

(Phoo: Wikimedia Commons/Agricultural Research Service/United States Department of Agriculture)

ဂျပန်မှာ နောက်ဆုံးအကြိမ် ကြီးမားတဲ့ ကြက်ငှက်တုပ်ကွေး ကူးစက်မှုဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလနဲ့ ၂၀၁၇ ခုနှစ် မတ်လကြား ဖြစ်ပွားခဲ့ဖူးပြီး ထိုစဥ်က H5N6 ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်မျိုးကွဲကြောင့် ကြက်အကောင်ရေ ၁.၆၇ သန်းကို သုတ်သင်ခဲ့ပါတယ်။ ကြက်ငှက်တုပ်ကွေး ကူးစက်မှုတွေ ကမ္ဘာတစ်ဝန်း ဖြစ်လာတဲ့သတင်းများ ကြားသိလာရပြီး ယနေ့မှာလည်း တောင်ကိုရီးယားနိုင်ငံမှာ ကူးစက်မှုတွေ့ရကြောင်း အတည်ပြုထားပြီး ကြက်နဲ့ဘဲ အကောင်ရေ ၄၀၀,၀၀၀ ခန့်ကို သုတ်သင်သွားမယ်လို့ ဆိုပါတယ်။

ဥရောပမှာလည်း ကူးစက်မှုနှုန်း မြင့်မားပြီး အသက်သေစေနိုင်တဲ့ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်မျိုးကွဲတစ်ခု လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေမှုကြောင့် မွေးမြူးရေးခြံတွေကို သတိပေးချက်များ ထုတ်ပြန်ထားကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ လတ်တလော ရက်ပိုင်းအတွင်း ဗြိတန်မှာ ကြက်ငှက်တုပ်ကွေး ကူးစက်မှုအန္တရာယ်ကြောင့် ကြက်ဆင်အကောင်ရေ ၁၀,၀၀၀ ကျော်ကို သုတ်သင်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က