အများပြည်သူအနေနဲ့ အစိုးရိမ်မလွန်ဘဲ တည်တည်ငြိမ်ငြိမ်ရှိကြရန် ထိုင်းအာဏာပိုင်တွေက တိုက်တွန်းခဲ့ပါတယ်။

အိမ်နီးချင်း မြန်မာနိုင်ငံမှ တရားမဝင် ခိုးပြန်လာတဲ့ အနည်းဆုံး အမျိုးသမီးလေးဦးထံမှာ COVID-19 ကူးစက်မှုတွေ့ရပြီးနောက် ဖြစ်နိုင်ခြေရှိတဲ့ ကူးစက်ဖြစ်ပွားမှုကွင်းဆက်တွေကို ရှာဖွေနေပြီး အများပြည်သူအနေနဲ့ အစိုးရိမ်မလွန်ဘဲ တည်တည်ငြိမ်ငြိမ်ရှိကြရန် ထိုင်းအာဏာပိုင်တွေက ယမန်နေ့ (ဒီဇင်ဘာ ၁ ရက်) မှာ တိုက်တွန်းခဲ့ပါတယ်။

(Photo: Reuters)

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း တရုတ်ပြည်ပကြီးပြင်ပမှာ COVID-19 ကူးစက်မှု ပထမဆုံးတွေ့ရတဲ့ နိုင်ငံဖြစ်ခဲ့တဲ့ ထိုင်းနိုင်ငံဟာ ကူးစက်မှုလျော့နည်းစေရန် ပြည်ဝင်ခွင့်စည်းမျဥ်းများ တင်းကျပ်ခဲ့မှု အပါအဝင် စီမံဆောင်ရွက်မှုများဖြင့် ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၄,၀၀၀ ကျော်ရုံမျှသာ တွေ့ရှိထားပါတယ်။



ထိုင်းမှာ COVID-19 ကြောင့် သေဆုံးသူ ၆၀ ဦးရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ မိုင်ပေါင်း ၁,၄၉၀ ကျော်ရှည်လျားတဲ့ နယ်စပ်ထိစပ်မှုရှိနေပါတယ်။ လတ်တလော လပိုင်းအတွင်း မြန်မာနိုင်ငံရဲ့ COVID-19 ကူးစက်မှုဟာ နေ့စဥ် ၁,၀၀၀ ကျော် တွေ့ရှိနေရတာ ဖြစ်ပါတယ်။

(Photo: ThaiPBSWorld)

ထိုင်းအမျိုးသမီးလေးဦးဟာ မြန်မာနယ်စပ်မြို့ တာချီလိတ်မြို့မှာ အလုပ်လုပ်ကိုင်ခဲ့ကြပြီး ထိုင်းနိုင်ငံသို့ ပြန်လာခဲ့ကြောင်းနဲ့ ယခုအခါ ၎င်းတို့ထံမှာ COVID-19 စစ်ဆေးတွေ့ရှိရကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ အဆိုအရ ထိုအမျိုးသမီးလေးဦးနဲ့ ထိတွေ့မှုရှိသူ ၁၀၀ ကျော်ရှိနိုင်ပြီး ၎င်းတို့ကို စစ်ဆေးထားကြောင်းနဲ့ တာဝန်ရှိသူတွေက နောက်ထပ် ထိတွေ့မှုရှိနိုင်သူတွေကို ရှာဖွေနေကြောင်း သိရပါတယ်။

ထိုင်းအာဏာပိုင်တွေက ထိုအမျိုးသမီးလေးဦးဟာ တာချီမြို့ရဲ့ မည်သည့်နေရာမှာ အလုပ်လုပ်ခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့ခြင်း မရှိပါဘူး။ သို့သော် ထိုင်းမီဒီယာတွေကတော့ ထိုအမျိုးသမီးတွေဟာ ဘားဆိုင်၊ ကာရာအိုကေနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေ ပါဝင်နိုင်တဲ့ ဖျော်ဖြေရေးစင်တာတစ်ခုမှာ အလုပ်လုပ်ကိုင်ခဲ့တယ်လို့ ဖော်ပြကြကြောင်း AFP သတင်းက ဆိုပါတယ်။ မြန်မာဘက်မှပြန်လာတဲ့ ထိုင်းအမျိုးသမီးလေးဦးမှာ COVID-19 တွေ့ရှိရမှုအပေါ် စိုးရိမ်တကြီးဖြစ်ရန် မလိုကြောင်း ဝန်ကြီးချုပ်ပရာယွတ်က ပြောပါတယ်။ 



က္က