ကားမောင်းသူဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ခံစားနေရပုံရပြီး အခင်းဖြစ်စဥ် အရက်အလွန်မူးနေခဲ့ပါတယ်။
Ko John

ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်းရှိ မြို့တစ်မြို့မှာ လမ်းလျှောက်သွားလာသူတွေအတွက် သတ်မှတ်နေရာရှိ လူအုပ်ထဲသို့ ကားတစ်စီးက ရမ်းကားမောင်းနှင်ပြီး ဝင်တိုက်ခဲ့မှုကြောင့် ရင်ခွင်ပိုက်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူငါးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: Thilo Schmuelgen/Reuters)

ဒီဇင်ဘာ ၁ ရက်နေ့က Trier မြို့မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ ကားတိုက်မှုမှ ကားမောင်းသူကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ အစိုးရရှေ့နေ Peter Fritzen ရဲ့ ပြောကြားမှုအရ အသက် ၅၁ နှစ်အရွယ် Trier မြို့ဇာတိ ကားမောင်းသူ အမျိုးသားဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ခံစားနေရပုံရပြီး အခင်းဖြစ်စဥ် အရက်အလွန်မူးနေခဲ့ကြောင်း သိရပါတယ်။



ယခုဖြစ်ရပ်ကို နိုင်ငံရေးအရ သို့မဟုတ် ဘာသာရေးအရ ရည်ရွယ်လုပ်ဆောင်မှုအဖြစ် ယူဆထားခြင်းမရှိကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ Trier မြို့တော်ဝန်က ကားတိုက်မှုဖြစ်ရပ်ဟာ အလွန်ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်ဆိုးတစ်ခုလို့ ဆိုပါတယ်။

(Photo: Getty Images)

မျက်မြင်တွေ့ရှိခဲ့သူတွေရဲ့ အဆိုအရ လူတွေက ကြောက်လန့်တကြား အော်ဟစ်ခဲ့ကြောင်းနဲ့ အချို့ဟာ အရှိန်ပြင်းပြင်း မောင်းနှင်လာတဲ့ SUV ကားဖြင့် အတိုက်ခံရပြီး လေထဲသို့ လွင့်ထွက်သွားခဲ့ကြောင်း သိရပါတယ်။ လူအုပ်ထဲသို့ ကားဖြင့်ဝင်တိုက်ခဲ့မှုဟာ ဒီဇင်ဘာ ၁ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ ဖြစ်ပွားခဲ့ပြီး ကားမောင်းသူက တစ်မိုင်နီးပါး အကွာအဝေးတစ်လျှောက် လူတွေကို ကြုံသလိုဝင်တိုက်ပြီး မောင်းနှင်သွားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: AFP)

ထို့နောက် ၎င်းရဲ့ကားကို ရဲကားတစ်စီးဖြင့် ရပ်တန့်သွားစေခဲ့ကြောင်း Trier ရဲတပ်ဖွဲ့ ပြောခွင့်ရအမျိုးသား Karl-Peter Jochem က အစောပိုင်းမှာ ပြောခဲ့ပါတယ်။ ကားတိုက်ခံရပြီး သေဆုံးခဲ့သူတွေအနက် အသက် ၂၅ နှစ်နဲ့ ၇၃ နှစ်အရွယ် အမျိုးသမီးနှစ်ဦး၊ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက်ကိုးလအရွယ် ကလေးငယ်တစ်ဦးတို့ ပါဝင်ခဲ့ပါတယ်။ လူတွေကို ကားဖြင့် ရမ်းကားမောင်းနှင်ပြီး ဝင်တိုက်ခဲ့တဲ့ အမျိုးသားရဲ့အမည်ဟာ Brend W ဖြစ်တယ်လို့ ဂျာမန်မီဒီယာက ဖော်ပြထားပါတယ်။

ထိုအမျိုးသားဟာ ရာဇဝတ်မှုကျူးလွန်ခဲ့ဖူးတဲ့ ပြစ်မှုမှတ်တမ်း မရှိထားဘဲ အတည်တကျ နေထိုင်တဲ့လိပ်စာလည်း မရှိသူဖြစ်ပြီး ကားထဲမှာပင် နေထိုင်သူတစ်ဦးလို့ ဆိုပါတယ်။ အဆိုပါကားဟာ တစ်စုံတစ်ဦးက ၎င်းကို ငှါးရမ်းထားခဲ့ခြင်း ဖြစ်ပါတယ်။ Trier မြို့တော်ဝန် Wolfram Leibe က ကနဦး ပြောကြားမှုအရ ကားတိုက်မှုအတွင်း လူ ၁၅ ဦး ဒဏ်ရာရခဲ့ကြောင်းနဲ့ အချို့ဟာ ဒဏ်ရာပြင်းထန်ကြောင်းလည်း သိရပါတယ်။


.


ဆက်စပ်အကြောင်းအရာများ


Author


က္က